ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေနေ့လည် ၂ နာရီခန့်က စတင်ပြီး ရဟန်းသံဃာတော် အပါး ၂၀၀ ခန့်က ကုန်ဈေးနုန်းကြီးမြှင့်လာမှူကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြပွဲ တရပ်ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ ရဟန်းတော် တပါးက “ဦးဇင်းတို့ စုစုပေါင်း သံဃာ အပါး ၂၀၀ လောက်က ဓည၀တီ အားကစားကွင်း အထူးတန်း ပွဲကြည့်စင် မှာ စုဆုံပြီးတော့ နေ့လည် ၂နာရီခန့် ၁၅ မိနစ်မှာ စတင်ပြီး မေယုလမ်းအတိုင်း ချီတက်ကြပြီး အဲဒီလမ်းက တဆင့် မင်းဗာကြီးလမ်းအတိုင်း ချီတက်ကြပါတယ်။ မင်းဗာကြီးလမ်းကတဆင့် စစ်တွေ လမ်းမကြီးကို ချီတက်ပြီး လမ်းမကြီးကတဆင့် လောကာနန္ဒာ စေတီတော် ရောက်ပြီး လူစုခွဲလိုက်ကြပါတယ်။ ဦးဇင်းတို့ကတော့ တပည့်တကာတွေ ဒုက္ခရောက်တာကို ကြည့်မ နေနိုင်ဘူး။ ဒါကြောင့် တပည့်တကာတွေအတွက် ဆန္ဒပြရတာ ဖြစ်ပါတယ်။” ဟု ပြောသည်။
မျက်မြင် တဦးက “ဦးဇင်းတွေက အများကြီးပါဘဲ။ စစ်တွေက အရေးကြီးတဲ့ လမ်းတလျောက်ကို ချီတက် ဆန္ဒပြကြတာပါ။ ကုန်ဈေးနုန်းကျဆင်းရေး တခုတည်းကိုဘဲ ဦးဇင်းတွေ ကြွေးကြော်ပြီး ဆန္ဒပြကြတာပါ။ အရပ်သားတွေ ကျောင်းသားတွေနဲ့ မရောနှောပါဘူး။ လူတွေက လမ်းဘေးကနေ ကြည့်ရှု့ အားပေး ကြပါတယ်။ နေ့လည် ၃ နာရီလောက်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။
ယခုအခါ စစ်တွေမြို့အခြေနေမှာ အေးဆေးငြိမ်သက်နေသော်လည်းတခုခုပြဿနာ ပေါ်ပေါက်မည့် အနေအ ထား မျိုးကဲ့သို့ဖြစ်နေကြောင်း အဆိုပါ မျက်မြင်က ပြောသည်။ စစ်တွေတက္ကသိုလ်ရှိ ကျောင်း သားများအားလည်း နေ့လည် ၃ နာရီမှ စတင်ပြီး ကျောင်းမှ ပြန်လွတ်လိုက်ပြီး တက္ကသိုလ်ကျောင်းကို ပိတ် ထားမည့် အနေအထားသို့ ရောက်ရှိ နေကြာင်း သတင်းရရှိသည်။
ယနေ့ နေ့လည် ၃ နာရီခန့်က ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြည်နယ် သံဃာ့ကောင်စီ ဥက္ကဌ ဆရာတော်ကြီး အပါအ၀င် ပြည်နယ် ၀န်ဆောင် ဆရာတော်ကြီးတွေကို ရခိုင် ပြည်နယ်ရုံးသို့ ပင့်ဖိတ်ပြီး အဓိဂရုဏ်း မဖြစ်ပွားရအောင် ဓမ္မစက်ဖြင့် ၀ိုင်းဝန်းထိန်းသိမ်းပါရန် လျောက် ထားကြောင်း သိရှိရသည်။
နောက်ဆုံးရရှိသော သတင်းအရ ခလ၇ ၂၀ မှ စစ်သား အင်အား ၂၀၀ ခန့်ကို လောကာနန္ဒာစေတီတော် အ နီး တ၀ိုက် ဖြန့်ကျက် ချထားလိုက်ပြီး ခမ၇ ၂၃၂ နှင့် ၃၄၄ တို့အား စစ်တွေမြို့ရှိ အရေးကြီးသော နေရာများတွင် ယနေနေ့ညနေက စပြီး ဖြန့်ကြက် ချထားလိုက်ကြောင်း သတင်းရရှိသည်။