Thursday, May 29, 2008

နိုင်ငံတော်သိက္ခာကျရတာ နအဖကြောင့်။ မုန်တိုင်းဒုက္ခသည်တွေကြောင့် မဟုတ်ပါ။



လေဘေးသင့ိဒုက္ခသည်များရှိရာသို့  သွားရောက် လှူဒါန်း ပြီးပြန်လာသော ကားများအား ရန်ကုန်တိုင်းအ၀င်ရှိ စစ်ဆေးရေးဂိတ်များမှ အထက်ပါ စာများ ပေးဝေလျက် ရှိနေပါတယ်။ ထိုလက်ကမ်းစာစောင်ပါ ရေးသားချက် များသည် ငတ်မွတ်ခေါင်းပါသည့် ဒါဏ်ကို မခံနိုင် ကြပဲ ထမင်းတလုပ်ကို မရှက်မကြောက် တောင်းရမ်းစားသောက်နေကြရသည့်  ဒုက္ခသည်များကို ထောက်ထားစာနာစိတ်မရှိသည့်  လုပ်ရပ်ဖြစ်ပါသည်။

မြန်မာ လူမျိုးတို့ သည် အင်တန်မှ အရှက်အကြောက် ကြီးမားသည်ကိုလည်း ပြည်သူများ သိကြပါသည်။ သို့ သော် ၎င်းစာပါ (မူလ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုစိတ်ကို ပျက်ပြားစေပါသည်) ဟူသောအချက်အား ပြောရလျှင် လေဘေးဒဏ်ခံရသောဒေသများရှိ ဒုက္ခသည်များ၏ အဓိက အသက် မွေးဝမ်းကြောင်းမှာ လယ်ယာလုပ်ငန်း ဖြစ်ပါသည်။ လေဘေးသင့် ပြီးသည့် နောက်ပိုင်းတွင် လယ်ယာလုပ် ငန်း လုပ်ကိုင်ကြသူများအဖို့  ခိုင်းစရာ ကျွဲ နွားမရှိ ၊ စိုက်စရာ မျိုးစပါးမရှိ ၊ စားစရာ ၀မ်းစာစပါး မရှိ ၊ ပိုင်ဆိုင်သည့်  လယ်များမှာလည်း ရေဖုံးလွမ်းလျက် ရှိနေပါသေးသည်။ ထိုဒုက္ခသည်များ၏ လတ်တလော ၀မ်းရေးတနပ်စာကိုပင်လျှင် မည် သို့ ဖြေရှင်းကြရမည်နည်း။

တိုင်းပြည်ကို မတရားအုပ်ချူပ်နေသော နအဖအနေဖြင့် လည်း ထိရောက်သော ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ကိုင်ခဲ့  ပါသလား။ နအဖအနေဖြင့်  ဖြစ်နိုင်ရင် လေဘေးသင့် သည့် ကိစ္စအား ဖုံးကွယ်ထားချင်နေ ခဲ့သည်၊ မျက်ကွယ်ပြုချင်နေခဲ့သည်။ ဆုံးရှုံးမှု့ တွေ ကြီးမားလွန်းလို့  နိုင်ငံတကာက ၀င်ရောက်လာသောအခါမှသာလျှင် နအဖက ယခင်ပြောထားသော ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံး သွားပါပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်သာ ကျန်ပါတော့ သည်ဆို ပြီး ခပ်တည်တည် နှင့်  နိုင်ငံတကာကို လိမ်ညာခဲ့ သည်များမှာ ဘူးပေါ်သလို ပေါ်ပါတော့ သည်။

ယခုအချိန်တွင် နိုင် ငံတကာမျက်မှောက်မှာ ပြည်သူတွေ ဒုက္ခရောက်လွန်းလို့  တောင်းရမ်းစားသောက်နေရတာ တွေြ့ပန်တော့ လည်း တောင်းစား နေရတဲ့ သူတွေက မရှက် ရဘဲ၊ တာဝန်ကင်းမဲ့ခဲ့တဲ့ သူတို့  နအဖကဘဲ ပြန်ပြီး ရှက်နေပြန်သေးတယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေဆီကလည်း ဖြတ်ဘုံးထားတာတွေလည်း ပေါ်ကုန်ပြီ။ ဘယ်အလှူရှင်ကမှလည်း နအဖနဲ့  လက်ပါးစေတွေကို မယုံကြည်ကြဘူး။ လမ်းခုလပ်ကနေ တားဆီးလုယူလိုတဲ့ သူတို့  နအဖလက်ပါးစေတွေ လက်ထဲတော့  အလှူပစ္စည်းတွေ မထားခဲ့ နိုင်ဘူးဆိုပြီး လာတဲ့ အလှူကားတွေ ပြန်လှည့် သွားကြလို့ ၊ ကာလမ်းတလျှောက်ရှိ ကားလမ်းဘေးဝဲယာ မှာရှိကြတဲ့ ကျေးရွာများမှ မုန်တိုင်းဒုက္ခသည်တွေ ထမင်းတစ်နပ် ရေတစ်ခွက်အတွက် ငတ်မရှက်ဖြစ်ရပြီး ဘ၀အသက်ဆက်ရဖို့ အတွက် အလှူရှင်တွေကို မျှော်ပြီး လာရောက်တောင်းရမ်းကြရတာပါ။

တကယ်ဒုက္ခရောက်လို့  ငတ်နေကြလို့  ရိုးရိုးသားသား လာရောက်တောင်းစားတာဟာ နိုင်ငံတော်ဂုဏ်သိက္ခာကို ကျစရာအကြောင်း မရှိပါဘူး။ တကယ်ဂုဏ်သိက္ခာကျစေတာက တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေါင်းစုံပေးနေတဲ့ နအဖတွေရဲ့  အသုံးမကျမှု၊ လစ်လျူရှုမှု၊ တာဝန်ကင်းမဲ့မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ခိုးယူတောင်ရမ်းမှုတွေ လုပ်နေကြတဲ့ နအဖတွေနဲ့  လက်ပါးစေတွေကြောင့်သာ နိုင်ငံတော်ဂုဏ်သိက္ခာကျရတာပါ။ ဒါကို ငပြူးက ငပြဲပြန်လုပ်ပြီး မုန်တိုင်းဒုက္ခသည်တွေဖြစ်တဲ့ ဒုက္ခသည်အစစ်တွေကိုများ၊ နိုင်ငံတော်ကျက်သရေယုတ်တွေဖြစ်တဲ့ နအဖတွေကများ ပြန်ပြီး လက်ညှိုးထိုးနေတာ အတော်ဆိုးလှပါတယ်။


အခုလည်း အဲ့ဒီစာထဲမှာ သက်ဆိုင်ရာ ခယက၊ မယက ၊ရယက များနှင့်  ဆက်သွယ် လှူဒါန်းပါတဲ့ ။ သူတို့ ကို ဘယ်အလှူရှင်ကမှ လုံးဝကို မယုံကြည်ကြဘူး။ ဒုက္ခသည်တွေကလည်း မယုံကြည်ကြဘူး။ အဲ့ဒီတော့ လှူဒါန်းလိုတဲ့ အလှူရှင်တွေက နအဖတွေ နဲ့  မပါတ်သက်ချင်လို့  မလှူဒါန်းကြရင် ဒုက္ခသည်တွေဘဲ ငတ်သထက်ငတ်ကြရပါတယ်။ တကယ်ဆိုရင် နအဖအနေနဲ့  ပြည်တွင်းပြည်ပက အလှူရှင်တွေကို ဘာမှ ကန့် သတ်တာ တားဆီးတာ ချုပ်ချယ်တာ နှောင့်ယှက်တာ မရှိဘဲ လွတ်လွတ်လပ်လပ် လှူဒါန်းခွင့် ပြုသင့် ပါတယ်။
အခုလို ပြည်သူတွေထဲက မိမိတို့  တစ်နိုင်တစ်ပိုင် လှူဒါန်းကြတာလည်း နအဖ မလုပ်နိုင်တဲ့၊ နအဖဘဲ လုပ်မနိုငတဲ့ တာဝန်တစ်ရပ်ကို ပြည်သူတွေကနေ အမျိုးသားရေးစိတ်ဓါတ်နဲ့  အသိစိတ်ဓါတ်ရှိစွာနဲ့ ကူညီနေကြတာ ဖြစ်တယ်ဆိုတာ အားလုံးအသိဘဲဖြစ်တယ်။ မိမိလူမျိုးတို့ ၏ ဂုဏ်သိက္ခာကျစေရန် ဘယ်ဒုက္ခသည်မှ ဘယ်အလှူရှင်မှ ရည်ရွယ်ပြီး အလှူခံနေတာ လှူဒါန်းနေတာ မဟုတ်ပါကြောင်း တင်ပြလိုက် ရ ပါတယ်။

ပြည်တွင်းနဲ့  ပြည်ပက လှူနေကြတဲ့ အလှူငွေတွေ အလှူပစ္စည်းတွေကို နအဖနဲ့ ဘက်တော်သားများက ကိုယ်ကျိုးအတွက် ဖြတ်စားလပ်စားလုပ်နေတာတွေ၊ တကယ်ကူညီတာမဟုတ်ဘဲ နာမည်ကောင်းယူရေးအတွက် အလှူရှင်လက်ဘက်နဲ့  မျက်နှာကောင်းလုပ်နေတာတွေ၊ ဒုက္ခသည်တွေကို ဘန်းပြပြီး နအဖက နိုင်ငံခြားငွေတွေကို သူတို့ လက်ထဲ တိုက်ရိုက်ပေးဖို့  ဘီလီယံနဲ့ ချီပြီးတောင်းခံနေတာတွေကို ရပ်တန်းက ရပ်ဖို့ ကိုလည်း ပြောလိုပါတယ်။

(ပြည်တွင်းမှ မြန်မာပြည်သူများ)။

 
/* EOT ----------------------------------------- */