Sunday, June 22, 2008

သန်းရွှေနဲ့  မောင်အေးနှစ်ဦး စစ်တပ်ရာထူးမှ အနားယူ။

နအဖထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ သန်းရွှေနှင့် မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားတယ်လို့  စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းင်းတို့နှစ်ဦးနေရာမှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို အစားထိုးခန့်အပ်ခဲ့တယ် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောပါတယ်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောပါတယ်။

ဒီ့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့  ၎င်းကဘဲ ဆက်လက်ပြောဆိုပါတယ်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နဲ့  မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့  ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောပါတယ်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်း၊တပ်မ ၊ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်တယ်လို့  ၄င်းကဘဲ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာတဲ့အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေတယ်လို့  အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့ပါတယ်။

(သတင်း - ရိုးမ ၃)။

 
/* EOT ----------------------------------------- */