Tuesday, August 14, 2007

လူငယ်တစ်ယောက်ရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း

(ရန်ကုန် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုဝင်းနိုင်ဦး၏ စစ်ထောက်လှမ်းရေးစခန်းအတွင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဘ၀အတွေ့ အကြုံကို ပြန်လည်တင်ပြအပ်ပါတယ်။)

အဲဒီညက ရဲဘော်အောင်သူ (ပြည်တွင်းကိစ္စတွေမှာ အဓိကတာဝန်ရှိသူ) နဲ့ မမာမာ (ကိုအောင်သူ့ ဇနီး ) ရဲ့ မိဘတွေ အိမ် (တောင်ဥက္ကလာ၊ ၁၃ ရပ်ကွက်) ကို ကျနော် ရောက်တော့ ည ၉ နာရီလောက်ရှိပါပြီ။ မန္တလေး ရဟန်းပျိုသမဂ္ဂကဦးဇင်းတပါး၊ အောက်ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၊အောက် ဗမာပြည်) က ကျောင်းသားတချို့ နဲ့  သွားရောက် လျှို့ ဝှက်တွေ့ ဆုံ ဆွေးနွေး အစီအစဉ်တချို့ ချ ပြီး ကျနော် ပြ
န်လာတာပါ။ အိမ်ရောက်တော့ အောင်သူနဲ့ တွေ့ တယ်။

- ဝေလင်းနဲ့ ချိန်းထားတာ ဒီကောင်ရောက်မလာဘူး - တွေ့ တွေ့ ချင်းအောင်သူက ပြောတယ်။

- ဘယ်လိုဖြစ်တာလဲ

- ဝေလင်းအိမ် သွားစုံစမ်းကြည့်ပါလား

အောင်သူ ထွက်သွားတယ်။ နာရီဝက်လောက်ကြာတော့ ပြန်ရောက်လာတယ်။

- အိမ်ကိုလည်း ဝေလင်းပြန်မရောက်သေးဘူးတဲ့ ။ သူ့ မိန်းမက ပြောတယ်။

ကျနော် အတွေးရခက်သွားတယ်။

- သူ့ မိန်းမ ဘယ်လိုနေလဲ။ စိတ်ပူနေပုံရလား

- ဟင့်အင်း အေးအေးဆေးဆေးပါပဲ။ ဒီလိုပဲ ပြန်မလာတဲ့ ညတွေ ရှိတယ်ဆိုတော့ ...

- ဒီကောင် အဖမ်းခံရပြီလို့ အောင်သူထင်လား

- မပြောတတ်ဘူး။ ဘာမဆိုဖြစ်နိုင်တဲ့ အခြေအနေပဲ

ကျနော် တွက်ချက်ကြည့်တယ်။ အဖြေမရဘူး။ စိတ်နည်းနည်း လေးလာတယ်။

- ကိုယ် မြို့ ထဲသွားလို့ ရနိုင်လား။

- မရတော့ဘူး။ အခု ဆယ်နာရီထိုးတော့မယ်။ ကားတွေ ဆိုက်ကားတွေလည်း လုံးဝမရှိတော့ဘူး။ လမ်းတွေပေါ် မှာ လူတွေ လည်းမရှိတော့ဘူး။ စစ်ကားတွေပဲ ပတ်မောင်းနေတယ်။

ဟုတ်တယ်။ ကာဖျူးက ဆယ်နာရီဆို စပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ပဲ ကျန်တော့တယ်။

- ညဆယ်နာရီ က မနက်လေးနာရီထိ ညမထွက်ရ အမိန့် 

ဘာမှ မတတ်နိုင်တော့ဘူး။ ဒီအိမ်မှာပဲ အိပ်ရတော့မှာပဲ။ ရပ်ကွက်ထဲမှာ အိပ်စရာ အိမ် သုံးလေးအိမ်တော့ ရှိပါရဲ့ ။ ဒါပေမယ့် အဲဒီအိမ်တွေအားလုံးကို ဝေလင်းသိနေတယ်။ အဖမ်းခံထားရတဲ့ လူတယောက်၊ သို့ မဟုတ် အဖမ်းခံရပြီလို့ သံသယ ၀င်စရာရှိတဲ့ လူတယောက် သိနိုင်တဲ့နေရာတွေမှာ မနေသင့်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော အခုအချိန်ကျနော်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဘယ်မှထွက်လို့ မရတော့ဘူး။ ဝေလင်းလဲ အဖမ်းခံချင်မှ ခံရမှာပါ။ အခုလောက်ဆို အိမ်ပြန်ရောက်ရင် ရောက်နေမှာပေါ့။ စသည်ဖြင့် ကျနော် ဖြေ တွေးနေမိတယ်။

အောင်သူကတော့ နှစ်လမ်း သုံးလမ်းကျော်က အိမ်မှာ သွားအိပ်တယ်။

ဘာပဲဖြစ်ဖြစ် မနက် လေးနာရီတော့ မြန်မြန်ရောက်ချင်တယ်။ သုံးနာရီခွဲ ဆိုရင် ကျနော် ဒီကထွက်မယ်။ မန္တလေးတက်မယ်။ ရန်ကုန်ကနေ ခဏရှောင်နေမယ်။ မန္တလေးမှာလည်း လုပ်စရာတွေရှိနေတယ်။ အတွေးတွေ ရှုပ်ယှက်ခတ်နေတယ်။ ကျနော်စိုးရိမ်လွန်ပြီး အတွေးတွေ ရှုပ်နေတာ ထင်ပါရဲ့ ။ ဒါနဲ့ စိတ်ထဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် အိမ်သားတွေနဲ့ ဟိုပြော ဒီပြော စကားဝိုင်းဖွဲ့ နေလိုက်တယ်။ ရယ်ရယ်မောမော။

ဆယ်နာရီ၊ ဆယ်နာရီခွဲ။ ဆယ့် တနာရီ။ ဆယ့်တနာရီခွဲ။ ဆယ့် နှစ်နာရီ ....ဟုတ်တယ်။ ဆယ့် နှစ် နာ ရီ လောက်လည်း ရောက်ရော အိမ်ထဲကိုထောက်လှမ်းရေးတွေဝင်လာပါလေရော။သူတို့ ဝင်လာတာ သိပ်မြန်တာပဲ။ အားလုံး အရပ်ဝတ်တွေနဲ့ ပါ။ လေးငါးယောက်ရှိမယ် ထင်တယ်။ လမ်းပေါ်မှာလည်း တချို့ ကို လှမ်းတွေ့ ရတယ်။ ကျနော်ကလည်း ဘာကြောင့်မှန်းမသိ၊ အဲဒီအချိန် တကယ့်ကို အေးအေဆေးဆေး။ စိတ်ကလုံးဝငြိမ်ကျသွားတယ်။ စောစောက ပူပန်တာတွေတောင် မေ့သွားတယ်။ ပေါ့ပေါ့ပါးပါး။ (နောက်ပိုင်းပြန်စဉ်းစားကြည့်တိုင်းအဲဒီတုန်းက ကျနော် ဘာ့ကြောင့်အေးအေးဆေးဆေး ရှိခဲ့မှန်း အဖြေမရဘူး။ ကျနော် သတ္တိသိပ်ကောင်းလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် တနေ့ ဒီလို ကြုံမယ်ဆိုတာ ကျနော် ပိုင်းဖြတ်ပြီးသားမို့လား။)

မှတ်မှတ်ရရ ကျနော် အဖမ်းခံရပြီဆိုပြီး စိတ်မချမ်းမမြေ့ နဲ့ ကျနော့်ကို ငေးစိုက်ကြည့်နေတဲ့ အိမ်သားတွေကို တောင် ရိုးရိုး ခရီးထွက်ခါနီး နှုတ်ဆက်သလို လူစေ့အောင် ကျနော် ရယ်ရယ်မောမော လိုက် နှုတ်ဆက်လိုက် သေးတယ်။ အောင်သူ့ မိန်းမရဲ့ အမေကိုတောင် ကဲ...သွားပြီအမေရေ့ ။ အမေ ဒီညနေ ချက်တဲ့ ဟင်းကသိပ်စား ကောင်းတာပဲ။ ကျနော် မမေ့ ဘူး လို့ ရယ်ရယ်မောမော ပြောပြီး ဖက်ရမ်းနှုတ်ဆက်လိုက် သေးတယ်။ အမေက ဘာစကားမှ ပြန်ပြောနိုင်ဘူး။ ကျနော့်ကိုငေးနေတယ်။(မာမာ့အမေက ကျနော်ပြောခဲ့တဲ့ အဲဒီနောက်ဆုံးစကားကို ကျနော့်ကို ဖမ်းသွားပြီးနောက်ပိုင်းပြောမဆုံးဘူး တဲ့)။

ထောက်လှမ်းရေးတွေက အိမ်ထဲကနေ အမြန်ဆုံး ပြန်ထွက်ချင်ပုံရတယ်။ ရပ်ကွက်ထဲမှာ အကြာကြီးနေချင် ဟန် မတူဘူး။ ကျနော့် ပစ္စည်းတွေကို ကမန်းကတမ်းရှာပြီး (ဘာပစ္စည်းမှလည်း သူတို့ မတွေ့ ပါ)ကျနော့် ကို လက်ထိပ်ခတ်တယ်။ ( လက်ထိပ်က လက်မနှစ်ချောင်းကို ပူးပြီး ခတ်တဲ့ လက်ထိပ်)။ အောင်သူကိုလည်း သူ သွားအိပ်တဲ့အိမ်ကနေ ဖမ်းလာတာတွေ့ ရတယ်။

- ဇော်ထက် ဘယ်မှာလဲ

လာဖမ်းတဲ့ထောက်လှမ်းရေးတွေထဲက အကြီးဆုံးလို့ ယူဆရတဲ့သူကမေးတယ်။ ဇော်ထက်က ကျနော်ထိုင်းမှာရှိ တုန်းက ပြည်တွင်းကို အရင် လျို့ ဝှက်လွှတ်ထားတဲ့ရဲဘော်ပါ။ ကျနော်က .....

- မနေ့ ထဲက ထွက်သွားတာ ပြန်မရောက်ဘူး။

- ဘယ်မှာရှိနိုင်လဲ

- မပြောတတ်ဘူး

သူတို့ က ညတွင်းချင်းအကုန်ဖမ်းချင်ပုံရတယ်။ အမှန်က ဇော်ထက်ဘယ်မှာ ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ညနေကမှ သူ့ ကို ကျနော် တနေရာလွှတ်လိုက်တာပဲ။ ( ရဲဘော် ဇော်ထက်ရဲ့ စွန့် စားခန်းတွေအကြောင်း ပြော မယ်ဆိုရင် အများကြီးပါ။ တာဝန်တခုပေးလိုက်ရင် ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဘယ်လောက်ပဲ အခြေအ နေ မပေးမပေး ဘယ်လောက်ပဲ အန္တရာယ်များများ၊ မဖြစ်ဖြစ်အောင်လုပ်တတ်ပြီး၊ လုပ်ပြီးရင်လည်း - ဟောဒီမှာ ကျုပ်ဗျ - ဆိုပြီး ရင်ကော့ပြောတတ်တဲ့ ရဲဘော်ပါ။ အခုတော့ ဆုံးပါးသွားရှာပါပြီ)။

အဲဒီညက တခြားရဲဘော် နှစ်ယောက်ရဲ့ အိမ်ကိုလည်း တခြားထောက်လှမ်းရေးအဖွဲ့ နှစ်ဖွဲ့ က သွားဝိုင်းသေး ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ အိမ်တွေမှာ သူတို့ မရှိကြလို့ မမိလိုက်ပါ။ ထောက်လှမ်းရေးတွေက သူတို့ ထင်ရတဲ့နေရာတွေ သွားရောက်မွှေနှောက်ရှာဖွေကြသေးပေမယ့် ဇော်ထက်ကိုလည်း မမိလိုက်ပါ။

လမ်းထိပ်ရောက်တော့ ထောက်လှမ်းရေးတွေက ကျနော်နဲ့ အောင်သူ့ ကို အသင့်စက်နှိုးစောင့်နေတဲ့ အီး- ၂၀၀၀ ကားတစီးပေါ် တက်ခိုင်းတယ်။ ကျနော်တို့ နှစ်ယောက် ကားပေါ်မှာ တယောက် တဖက်စီ မျက်နှာချင်း ဆိုင် ထိုင်ခိုင်းတယ်။ ထောက်လှမ်းရေး တယောက်က ဘေးမှာ။ ကျနော့် ခါးကို သေနတ်ပြောင်းနဲ့ ခပ်တင်းတင်း ထောက်ထားတယ်။ ဥက္ကလာက လမ်းကြမ်းတော့ ကားက ခုန်နေ တယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်း။ ဒါပေမယ့် ကားထဲ မှာတော့ တိတ်ဆိတ်လို့ ။

ထောက်လှမ်းရေးတွေကလည်း ဘာစကားမှ မပြောကြဘူး။ ကျနော် တခုခုပြောချင်လာတယ်။ ဒါနဲ့ အောင်သူ့ ကို မျက်စိလှမ်းမှိတ်ပြလိုက်တယ်။ ကားတချက် ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ကျနော့် နံဘေးကို ထောက်ထား တဲ့သေနတ်က ကျနော့် ကို ဆောင့်ဆောင့်တိုးလာတာ သတိထားမိတယ်။ ဒါနဲ့ ကျနော်က ရယ်ပြီး သေနတ်နဲ့  ထောက်ထားတဲ့ ထောက်လှမ်းရေးကို ....

- အဟမ်း၊ အဟမ်း။ ဒီမှာ အကို။ လမ်းက ကြမ်းလို့ ကားက ဆောင့်နေတယ်။ မတော်တဆ ကျည်ဆံထွက်သွား ဦးမယ်။ ကျနော်က ဒီအလုပ်တွေသာ လုပ်နေတာ သေမှာတော့ အကြောက်သား။ သေနတ်ဘေးဖယ်ထားရင် မကောင်းဘူးလား

ကျနော်က တမင် နောက်ပြောင်ပြောတာပါ။ သူတို့ ကလည်း ဒါကိုသိပါတယ်။ ဒါပေမယ့် မရယ်ကြပါဘူး။ ဘာစ ကား မှလည်း ပြန်မပြောကြပါဘူး။ သေနတ်ကိုလည်း ထောက်ထားတာကနေ ဖယ်မပေးပါဘူး။ကျနော့်ကိုတော့ ၀ိုင်းပြီးစိုက်ကြည့်နေကြတယ်။ ဒီလိုနဲ့ ကားပေါ်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြန်ရော။

ဒါနဲ့ ကျနော်က .....

- အဟမ်း။ အကိုတို့ ကို ကျနော် တခုပြောပြချင်တယ်။ ကျနော်တို့ က လက်နက်တွေ၊ ဘာတွေနဲ့ မဆိုင်ဘူး။ အ ကြမ်းမဖက် Non-violence ပဲ စိတ်ဝင်စားတာ။ ဒီလိုလူတွေကိုပါ အကိုတို့ က ခုလို ဖမ်းတယ်ဆီးတယ်ဆိုတော့ ကျနော်တို့ ကျောင်းသားအားလုံးကို သေနတ်ကို ယုံကြည်ခိုင်းတာ၊ တနည်းအားဖြင့် တောထဲကို မောင်းထုတ် နေတာနဲ့ တူနေပြီ။ ဒီတော့ ကျနော်တို့ ကလည်း တောထဲ မသွားချင်ပဲ သွားကြရရော

- ဟေ့ကောင်၊ မင်းသောက်ပါးစပ် ပိတ်ထားစမ်း

ရှေ့ မျက်နှာချင်းဆိုင် အောင်သူ့ ဘေးနားမှာ ထိုင်နေတဲ့ ထောက်လှမ်းရေးက အံကြိတ်သံနဲ့ လှမ်းပြောလိုက်တာ ပါ။

- မဟုတ်ဘူးလေ။ အကိုတို့ စဉ်းစား ...

ကျနော့်စကား မဆုံးလိုက်ရဘူး။ ဘေးက လူက ကျနော့် နံဘေးကို သေနတ်ပြောင်းဝနဲ့ ဆောင့်ထိုးလိုက် တာကျ နော် အင့်ကနဲ အသက်ရှုကြပ်သွားတယ်။

- ဟေ့ ကောင်။ မင်း သောက်တရားဟောတာကို နားထောင်ဖို့ မင်းကို ဖမ်းလာတာ မဟုတ်ဘူး။ မင်း သောက် ပါးစပ်တော့ ဟိုရောက်မှတွေ့ မယ်။ မအေ ... ဆဲရင်း သေနတ်ပြောင်းနဲ့ ထပ်ပြီး ဆောင့်ထိုးပြန်တယ်။ နောက်တယောက်က ...

- အောက်ဆင်းထိုင်စမ်း

ကျနော်တို့ နှစ်ယောက်လည်း ထိုင်ခုံပေါ်က ဆင်းပြီး ကားကြမ်းပြင်ပေါ် ဆင်းထိုင်ရတယ်။ ပြီးတော့ ကျနော်တို့ ကို ခေါင်းစွပ် အမည်းကြီးတွေ စွပ်ချလိုက်တယ်။ မှောင်မည်းသွားတယ်။ ဘာမှ မမြင်ရတော့ဘူး။ ကျနော် နည်း နည်းတွန့် သွားတယ်။ အန္တရာယ် အနံ့ စရလာတယ်။ ကားက ဟိုကွေ့ ဒီကောက်နဲ့ မောင်းနေတာ သတိထား မိ တယ်။ အကွေ့ တွေကို လိုက်မှတ်ကြည့်တယ်။ များလိုက်တာ။ ကြာတော့ မမှတ်မိတော့ဘူး။ ( ထောက်လှမ်းရေး စာအုပ်တွေထဲမှာ ပါလေ့ ရှိတဲ့အတိုင်း ကားထဲ ဖမ်းလာသူ နေရာမမှတ်မိအောင် လုပ်နေတာလား လို့ တွေးမိ တယ်)။

----------------------------------------------------------------------

နှစ်နာရီလောက် ကြာတော့ ကားရပ်သွားတယ်။ မေးမြန်း အော်ဟစ်သံတချို့ ကြားရတယ်။ အစောင့်ဂိတ် တခုနဲ့ တူပါရဲ့။ နောက်တော့ ကားက ခြံဝင်းတခုထဲ မောင်းဝင်လိုက်တယ်လို့ထင်မိတယ်။ခဏကြာတော့ရပ်သွားတယ်။

- ထစမ်း

- သွား

ခေါင်းစွပ် မည်းမည်းထူထူကြီး စွပ်ထားတာဆိုတော့ မျက်လုံးထဲမှာ မှောင်ပိန်းနေတာ။ ဒီကြားထဲ လက်ထိပ်က လဲ ခပ်သေးသေးဆိုတော့ ကားအနောက်ဖက်ကို ခြေထောက်နဲ့ စမ်းပြီးသွားရတယ်။ အောက် ပြုတ်ကျသွားမှာ စိုးလို့ပါ။ တကယ်တော့ စိုးရိမ်စရာ မလိုပါဘူး။ အဲဒီလို ကားကြမ်းပြင်ကို စမ်းစမ်း သွားနေချိန်မှာပဲ ထောက်လှမ်း ရေး တယောက်က နောက်ကနေ ကျနော့်ကို တအားဆောင့်ကန်ထည့်လိုက်တာ ကားပေါ်ကနေ အောက်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ အောက်ရောက်လို့ အလန့်တကြား လူးလဲ ထမယ် ကြံရုံရှိသေး။ အောက်မှာ အရန်သင့် စောင့်နေတဲ့ လူတွေက အော်ဟစ်ဆဲဆိုရင်း ကျနော့်ကို ၀ိုင်းကန်ကြပါလေရော။ လူ ဘယ် နှစ်ယောက်လည်း မသိဘူး။ သူတို့ ၀ိုင်းကန်ကြတာ ဘယ်လောက်ကြာမှန်းလည်း မသိဘူး။ ကျနော် သတိ ရနေသလား။ သတိလစ်နေသလား။ ကျနော့်ကိုယ်ထဲမှာပဲ ကျနော် ရှိနေသေးလား။ ဒါမှမဟုတ် တခြားတနေရာ ရာမှာလား။

ကျနော့်ကိုယ်ထဲမှာပဲ ကျနော်ရှိနေတာ သေချာချိန်မှာတော့ ကျနော့်ကို သူတို့ လမ်းတလျှောက် ဒရွတ်တိုက် ဆွဲ သွားနေကြပါပြီ။ နောက် ကျနော့်ကိုအခန်းတခန်းထဲကိုအထုပ်တထုပ်ပစ်ထည့်လိုက်သလိုပစ်ထည့်လိုက်တယ်။ အခန်းထဲ ကျနော် ပုံလဲနေတယ်။

- ထ ထိုင်စမ်း

- နံရံကို မှီစမ်း

ကျနော် အလန့်တကြား လူးလဲထ၊ နံရံကို မှီရင်း ဆောင့်ကြောင့် ထိုင်နေရတယ်။ သူတို့ အပြင်ထွက်သွားကြပြီး တံခါးပိတ်သံ ကြားရတယ်။ တကိုယ်လုံး ဆတ်ဆတ်တုန်အောင် နာပြီး ကျနော် မောနေတယ်။စိုးရိမ်ပူပန်စိတ်လဲ တစိမ့်စိမ့် ၀င်လာတယ်။ ဒီကောင်တွေ လုပ်ပုံကိုင်ပုံက သောက်ရမ်းကြီးပါလား။ ဘာတွေ ဖြစ်လာဦးမလဲ။ မှန်း မရတာက ပို ဆိုးတယ်။ ခေါင်းစွပ်ကြီးကလည်း စွပ်ထား၊ ခေါင်းစွပ်ထဲမှာလည်း မှောင်မည်းနေတော့အားငယ် သွားသလိုပဲ။ လူက ဒီမျက်လုံး ဒီအလင်းကိုပဲ အားကိုးနေရတာ မဟုတ်လား။ မျက်လုံး ရှိပေမဲ့လဲ မမြင်ရ၊ မှောင် မည်းမည်းကြီး ဖြစ်နေတော့ စိတ်က ငယ်သွားတာနဲ့ တူပါရဲ့။ မရေရာ၊ မသေချာသလိုကြီး ခံစားရတယ်။

(ခေါင်းစွပ် စွပ်တဲ့ကိစ္စမှာ လူနဲ့ နေရာတွေကို မမှတ်မိအောင် ဆိုတဲ့အပြင် အဲဒီလို စိတ်ထားမျိုး ၀င်သွား အောင် လည်း ရည်ရွယ်ပုံရပါတယ်။ ထောက်လှမ်းရေး စ ရောက်ရောက်ခြင်း ဖမ်းဆီးလာသူတွေကို လူ အဆင့် အတန်း မပေးဘဲ အောက်တန်းစား သတ္တ၀ါတကောင်လို၊ တိရိစ္ဆ္ဆာန်တစ်ကောင်လို နှိမ်ချ ရိုင်းပျ ပြီး ဆက်ဆံတာက လည်း စိတ်သိမ်ငယ်သွားအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်သွားအောင် လုပ်တာပါပဲ။ အဲဒီတုန်းကတော့ အဲဒါတွေ ကျနော် မသိပါဘူး )။

အခန်းထဲမှာတော့ ကျနော် တယောက်ထဲ။ တိတ်ဆိတ်လို့၊ မောဟိုက်လို့၊ လှောင်အိုက်လို့၊ ခြောက်ခြားလို့။ ပြီးတော့ စိတ်တွေရှုပ်ထွေးလို့လည်း နေသေးတယ်။ ကျနော့်အထင် တနာရီလောက်လား၊ နှစ်နာရီလောက်လား အကြာမှာ တံခါးကို ဒိုင်းခနဲ ဆောင့်ကန် ဖွင့်သံ ကြားရတယ်။ လန့်သွားတယ်။ ဟေး ဟေး နဲ့ ညာသံတွေ ပေး၊ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ အခန်းထဲ ပြေးဝင်လာကြတာ။ တောမှာ နွားအုပ်ပြိုင်ကျသလိုပဲ။ ညစ်ညစ်ပတ်ပတ်တွေ အော် ဟစ် ဆဲရေး၊ ကျနော့်ကို စစ်ဘိနပ်တွေနဲ့ ၀ိုင်းကန်ကြ၊ ၀ိုင်းနင်းကြ။ မှတ်မှတ်ရရ၊ တယောက်က ငါ နဲ့ ကိုင် တုတ်
ပြီး မျက်နှာကို ရှေ့တည့်တည့်ကနေ ဖြတ်ရိုက်ထည့်လိုက်တာ ကျနော့်မျက်လုံးထဲ မီး ၀င်းဝင်းတောက် သွား တယ်။ လက်ထိပ်က နောက်ပြန်ခတ်ထားတာ ဆိုတော့ မျက်နှာကို လက်နဲ့ ပိတ်ကာလို့ မရဘူးပေါ့။ နောက်တခါ အဲဒီလိုပဲ ဖြတ်ရိုက်ပြန်တယ်။ မျက်လုံးထဲ ၀င်းခနဲ။ နောက်တခါ။ ၀င်းခနဲ။ နောက်တခါ....

အား .....

မျက်လုံးတွေ။ မျက်လုံးတွေ ရှိသေးရဲ့လား။ လွင့်စင်ထွက်များ ကျသွားပြီလား။ မျက်လုံးထဲက စေးစေးပြစ်ပြစ် အရည်တွေ စီးကျလာတယ်။ သွေးတွေလား။

- ဟင်း။ မင်းတို့က မင်းတို့ကို မင်းတို့ လည်လှပြီ ထင်နေလား။ လွှတ်ပေးထားလို့ ထားမှန်းမသိ။ မအေ- တွေ

ကျနော် ငြိမ်နေတယ်။ အသံမထွက်အောင် မနည်း ကြိုးစားနေရတယ်။ မညည်းနဲ့။ မအော်နဲ့။

- လမ်းတုန်းကလို စကားတွေ ဘာတွေ ပြောအုံးလေကွာ

- တရားဟောအုံးလေကွာ

-ီး Non-violence လားကွ

တကယ့် Non-violence က ဒီမှာကွ

ရိုက်တယ်။ ထပ်ရိုက်တယ်။ ကန်တယ်။ ရိုက် ...

မရပ်ကြတော့ဘူးလား။ မရပ်ကြတော့ဘူးလား။ ယဉ်ကျေးတဲ့ ဟောဒီ ရာစုကြီးမှာ။ ပညာတတ်တယောက်၊အရပ် ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်း။ သူရဲကောင်းဖြစ်ဖို့ စိတ်မ၀င်စားသူ။ ဒါပေမယ့် အဓိပ္ပာယ် တစုံတရာနဲ့ အသက်ရှင် လိုသူ၊ လူ့သိက္ခာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ ယုံကြည်သူ။ အဲဒီ လူတယောက် ...

အလို... ကျနော် ဘယ်ရောက်နေပါလိမ့်။ ကျနော် မောနေတယ်။ အသံထွက်ကြည့်တယ်။ မရဘူး။

စစ်ဘိနပ်တွေ၊ စစ်ဘိနပ်တွေ ... ရှေ့မှာ၊ နောက်မှာ၊ ၀ဲမှာ၊ ယာမှာ၊ တခါတခါ ရင်ဘတ်ပေါ်မှာ။ အဲဒီအချိန်လူတ ယောက်ရဲ့ ဘ၀ဟာ ဘာမှ မသေချာတော့ဘူး။ အသက်ရှင်မှု၊ အနာဂတ်၊ လူ့ဂုဏ်သိက္ခာ... ။ ဘာမှမသေချာ တော့ဘူး။

ကျနော် အော်မိသလား၊ မအော်မိသလား။ သံမံတလင်း ကြမ်းပြင်ပေါ်မှာ ကျနော် လိမ့်နေတာပဲ။ နောက် ကျ နော့်ကို ဆွဲထူပြီး နံရံမှာ ကပ် ထိုင်ခိုင်းတယ်။ ဒါပေမယ့် ထိုင်လို့ မရဘူး။ ပုံလဲကျသွားတယ်။ တယောက်က ဆွဲ ထူပြီး ကိုင်ပေးထားတယ်။ အဲဒီအချိန် တယောက်က ရိုက်ရ၊ ကန်ရတာ အားမရရှာသေးဘူး ထင်ပါရဲ့။ ကျနော့် လည်ပင်းကို ဖြတ်ရိုက်လိုက်တာ ကျနော် အသက်ရှုမရ ဖြစ်သွားတယ်။ ကျနော် ခဏ သတိလစ်သွားသလားပဲ။ (လည်ပင်းကို အဲဒီလို ဖြတ်ရိုက်ထားတဲ့ ဒဏ်ကြောင့် နောက်ပိုင်း ရေသောက်တာတောင် ခက်နေတယ်။ နင်နေ တယ်။ နာနေတယ်)။ ကျနော် ကြည်ကြည်လင်လင် သတိထားမိချိန်မှာတော့ အခန်းထဲမှာ ကျနော် တယောက် ထဲ။ သူတို့ မရှိကြတော့ဘူး။ ကျနော်လည်း ပုံလဲနေတယ်။ အရုပ်ကြိုးပြတ်ဆိုတာ ဒါမျိုးကို ခေါ်တာ ထင်ပါရဲ့။ နံရိုးတွေ ကျိုးကုန်ပြီလား။ မျက်လုံးတွေရော ရှိသေးလား။

အသက်ရှူလို့ မ၀ဘူး။ မျှင်းပြီး နည်းနည်း ရှူနေရတယ်။ (ထောင်ထဲရောက်လို့ တလကြာထဲအထိ ညာဘက်နံရိုး တွေက အောင့်နေတယ်။ အသက်ကို နည်းနည်းချင်း ခွဲပြီး ရှူရတယ်။ အပြည့် ရှူလို့ မရဘူး။ ဟိုဘက် ဒီဘက် လှည့်ဖို့ ကိစ္စလောက်ကိုပဲ ဖြည်းဖြည်းချင်း ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်လောက် ကြာအောင် လှည့်ယူရတယ်။ ဒါတောင် မအော်ဘဲ၊ မညည်းဘဲ လှည့်လို့ မရဘူး။ ထောင်က ဆေးကု မပေးဘူး။ အိမ်ကနေ ဆေးမှာပြီး ကုယူ ရတယ်)။

အတော်ကြာတော့ တံခါးဆောင့်ဖွင့်သံ၊ ခြေသံတွေ ကြားရပြန်တယ်။ ဆော်ကြဦးမှာပဲ ထင်ပါရဲ့။ သတိ လစ်သွား လိုက်စမ်းပါ။ ဟေ့ကောင်။ ၀င်းနိုင်ဦး။ သတိလစ်လိုက်စမ်း။ ဟုတ်တယ်။ ကျနော်လန့်နေတယ်။ မလန့်အောင် ကြိုးစားကြည့်တယ်။ မအောင်မြင်ဘူး။ မျက်လုံးကလည်း မမြင်ရဘူး။ နားနဲ့ပဲ ကြည့်နေရတာ။

ဒါပေမယ့် ဒီတခါတော့ မရိုက်ဘူး။ မေးခွန်းတွေ စမေးတယ်။ ကိုယ်ရေး အချက်အလက်တွေကို အရင် စမေး တယ်။ ပြီးတော့ တခြားမေးခွန်းတွေ ...

(ဒီနေရာမှာ တခုဖြတ်ပြောချင်ပါတယ်။ ရဲဘော် ဝေလင်း ကိစ္စပါ။ ထောက်လှမ်းရေးတွေ ကျနော်နေတဲ့ အိမ်ထဲ ၀င်လာချိန်မှာ ဝေလင်း အဖမ်းခံရပြီဆိုတာ မှန်းဆနိုင်ပေမယ့် အတိအကျ ပြောလို့ မရပါဘူး။ ထောက်လှမ်းရေး စခန်းရောက်ပြီး မေးခွန်းတွေ စမေးမှပဲ ဝေလင်း အဖမ်းခံရတာ သေချာသွားပါတယ်။ သူ အဖမ်းခံရပုံက ဒီလိုပါ။

ABSDF အဖွဲ့ရှိရာ ထိုင်းနယ်စပ်ကို ပြန်တော့မယ့်၊ ပြည်တွင်းကို လျှို့ဝှက်တာဝန်နဲ့ ရောက်နေတဲ့ ABSDF အဖွဲ့ က ရဲဘော်နှစ်ဦး (မြင့်ဆွေနဲ့ အောင်နိုင်။ ယခု သေဒဏ်ကျခံထားရသူ နှစ်ဦး၊ မြင့်ဆွေကတော့ ထောင်ထဲမှာပဲ ဆုံး ပါးသွားပါပြီ) လူ့ဘောင်သစ်ပါတီ ရုံးခန်းကို အဲဒီနေ့က ရောက်လာကြပါတယ်။ သူတို့က နယ်စပ် မပြန်ခင် ဝေလင်းနဲ့ အရေးတကြီး တွေ့လိုကြောင်း၊ ဝေလင်းဆီက အကူအညီရမှ ဖြစ်မယ့် အကြောင်း လူ့ဘောင် သစ်ပါ တီအတွင်းရေးမှူးကတဆင့် အချိန်းအချက် လုပ်ပါတယ်။ နောက် တာမွေက လက်ဘက်ရည်ဆိုင် တဆိုင်မှာ ချိန်းတယ်။ ဆိုင်ကို ဝေလင်းရောက်ချိန်မှာ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို စားပွဲ တလုံးမှာထိုင်နေတာတွေ့ရတယ်။ စားပွဲမှာ ထိုင်မိရင်ပဲ မြင့်ဆွေနဲ့ အောင်နိုင့် အမူအရာကို ကြည့်ရင်း တခုခုတော့ မှားနေပြီလို့ စိတ်ထဲ မသိုး မ သန့် ဖြစ်တာနဲ့ ဆိုင်ထဲကနေ ဝေလင်း ကမန်းကတန်း ပြန်ထွက်တယ်။ အဲဒီအချိန် ဘေးနားက စားပွဲမှာ ထိုင် နေသူတွေ ထလာပြီး ဝေလင်းကို ၀ိုင်းပိတ်ဆို့၊ လက်ထိပ်ခတ်၊ လေးဘီးကားတစီးပေါ် ပစ်တင်၊ ၀ိုင်းဖိ၊ ကားကို အတင်း မောင်းပြေးပါတော့တယ်။

အမှန်က လူ့ဘောင်သစ် အတွင်းရေးမှူး မသိလို့ပါ။ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို လူ့ဘောင်သစ် ရုံးခန်း၊ အတွင်း ရေးမှူးဆီ ရောက်ချိန်မှာ ထောက်လှမ်းရေးတွေ အတူ ပါလာတာပါ။ ဝေလင်းနဲ့ အချိန်းအချက် လုပ်ခိုင်းတဲ့ အစီ အစဉ်ကလည်း ထောက်လှမ်းရေးပဲ စီစဉ်တာပါပဲ။ မြင့်ဆွေနဲ့ အောင်နိုင်တို့က နယ်စပ်ကနေ လက်နက်တွေ ပြည် ထဲကို သွင်းလာသူတွေ၊ နယ်စပ်ပြန်ခါနီးမှာ ဖမ်းမိသူတွေ ဖြစ်ပါတယ်။ သူတို့ အမှုတွဲမှာ အဖမ်းခံရသူတွေ မနည်းပါဘူး။)

ထောက်လှမ်းရေးတွေက ကျနော့်ကို ကြမ်းပြင်ပေါ်ကနေ နောက်မှီပါတဲ့ ခုံတလုံးပေါ် ပြောင်းပြီး ထိုင်ခိုင်းတယ်။ ကျနော်လည်း မှီနေတယ်။ ဘယ်အချိန်၊ ဘယ်အချက် ရိုက်တော့မှာလဲ ဆိုတဲ့ အသိကတကယ်အ ရိုက်ခံရတာ ထက် ပိုနာတယ်ထင်တယ်။ ဟုတ်တယ်။

သူတို့ မေးခွန်းမေးပုံကလည်း မျက်နှာကို ဖြတ် ဖြတ်ရိုက်လိုက်သလိုပါပဲ။ အသံနိမ့်မြင့် အတက်အကျ မရှိ။ အသံ သေ။ ကျောက်သား ကျောက်ဆိုင်လို အသံမျိုးနဲ့။ ပြီးတော့ ရထားတစင်း ဖြတ်မောင်းသွားသလိုမျိုး ဝေါခနဲ မေး ချတာ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ရထားက ဖြတ်မောင်းသွားတာ မဟုတ်ဘူး။ ကိုယ်ပေါ် ဖြတ်ကြိတ်သွားတာ။

စ မေးတော့ ကျနော် ချက်ချင်း မဖြေနိုင်သေးဘူး။ အဲဒါကိုပဲ ချက်ချင်း မဖြေရကောင်းလားဆိုပြီး ထုံးစံအတိုင်း မျက်နှာကို ဖြတ်ရိုက်ပြန်တယ်။ ရိုက်တာကလည်း ပြင်းလိုက်တာ။ တခါတခါ ထိုင်ခုံပေါ်ကနေ လူက အောက်ကို ပြုတ်ပြုတ်ကျသွားတယ်။ မျက်နှာကို ရှေ့တည့်တည့်က ဖြတ်ရိုက်တာဆိုတော့ မျက်လုံးထဲ ၀င်းခဲ လက်ခနဲပေါ့။ တခါတခါလည်း ဘာမှ အကြောင်း မရှိဘဲ ရိုက်ရင် ရိုက်ပြန်ပါရော။

(ရန်ညှိုး ရန်စ မရှိဘဲ လူတယောက်ကို ဘာလို့များ ခုလောက် လွယ်လွယ်ကူကူ ရက်ရက်စက်စက် ရိုက်နှက် နိုင်ပါလိမ့်။ ဒီစိတ်ထားက အဲဒီတုန်းက ကျနော့်အတွက် အဆန်းပဲ။ နားလည်လို့ မရဘူး။ သူတို့ကိုလည်း အံ့အား သင့်မိတယ်။ လူတယောက်ဟာ ဒီလောက် ရက်စက်နိုင်လား။ ဒီလောက် ရိုင်းစိုင်းနိုင်လား။ သူတို့မှာ ဇနီး မယား နဲ့ သမီးသားတွေ ရှိကြမှာပါ။ အိမ်ပြန်ရောက်တော့ ဒီ ရက်စက်တဲ့၊ ရိုင်းစိုင်းတဲ့ လက်တွေနဲ့ ဇနီးမယားကို ဖက် ပွေ့နိုင်ကြသလား။ သမီးသားကို ချီပွေ့ ယုယနိုင်ကြသလား။)

မေးခွန်းကို ဖြေတဲ့အခါ လေးနေရင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရင်လည်း ရိုက်ပြန်ရော။ သူတို့ သဘောကချက် ချင်း မဖြေတာ၊ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာဟာ လိမ်ဖို့ ကြိုးစားနေတာလို့ ယူဆထားပုံရတယ်။ တကယ် တော့ သူတို့ မေးခွန်းတွေမှာ ကျနော် ဖြေနိုင်တာလည်း ရှိ၊ မဖြေနိုင်တာလည်း ရှိ။ မဖြေဘူးဆိုတာက ကျနော် အမှန်တကယ် မသိတာတွေရော၊ သိပေမယ့် အဖြေပေးလို့ မဖြစ်တာပါ ပါပါတယ်။ ကိုယ့်ရဲဘော်တွေကို မထိ ခိုက်အောင်၊ အဖမ်း မခံရသေးသူတွေနဲ့ လုပ်လက်စ အလုပ်တွေ မထိခိုက်အောင်ပါ။ ပြီးတော့ ကိုယ့်အခန်း ကဏ္ဍကိုလည်း မကြီးမားအောင်ပေါ့။ ကိုယ့်ကို တာဝန်ကြီးတယ်လို့ သူတို့ မယူဆရင် အမှုပေါ့တယ်။ ကိုယ့်ကို အကြောင်းပြုပြီး အဖမ်းခံရတဲ့လူ အရေအတွက်လည်း နည်းတယ်။

တချို့ အမှုတွေမှာ ဒီသဘောကို မလိုက်နာတဲ့ အတွက် အဖမ်းခံရသူ အရေအတွက် များရုံမက တိုက်ရိုက် မ သက်ဆိုင်သူတွေပါ ပါသွားပါတယ်။ အကျိုးဆက်ကတော့ လုပ်ဖော်ကိုင်ဖက် ရဲဘော်အချင်းချင်း စိတ်ဝမ်းကွဲပြား သွားကြတာ၊ လူထုရဲ့ အားတက်သရော အကူအညီတွေ လျော့ကျသွားတာပါ။ အမှုအားလုံးကို မဆို လိုပါ ဘူး။ ယူဂျီအလုပ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း အကြောင်းတွေထဲမှာ အဲဒီအချက်က အဓိက ကျပါတယ်။ အစစ်ခံရာမှာ မတတ်သာတဲ့ အဆုံး မပြောမဖြစ် ဖော်ရ ပြောရတော့မယ်ဆိုရင် ဖမ်းလို့ မရနိုင်တဲ့သူ၊ ဖမ်းလို့ မ လွယ်နိုင်တဲ့သူ အတတ်နိုင်ဆုံး ဖြစ်ဖို့ လိုပါတယ်။ တခြားအချက်တွေလည်း အများကြီးပါ။ တိုက်ဆိုင်တဲ့ အချိန် တချိန်မှာတော့ ကျနော်တို့ ယူဂျီလုပ်ငန်းရဲ့ အရေးကြီးတဲ့ အားနည်းချက်တွေ အကြောင်း ဆွေးနွေးကြည့်ချင်ပါ
သေးတယ်။ ကျနော်တို့လည်း အားနည်းချက်တွေနဲ့ပါ။

---------------------------------------------------------------------
________________________________________
နောက်ပိုင်း ကျနော့် အတွေ့အကြုံအရ ပြောရရင် ဖြေနိုင်တာကို မြန်မြန် အဖြေပေးပြီး မဖြေနိုင်တာကိုတော့ မသိဘူး ဆိုပြီး ]‘ဘူး} ခံတာ၊ ဘူးခံလို့ အနှိပ်စက်ခံရတာ ပိုကောင်းတယ်။ ခံတော့ ခံရမှာပဲ။ တကယ်တော့ ထောက်လှမ်းရေးမှာ လိမ်တဲ့ကိစ္စက သတိနဲ့ မလုပ်ရင်၊ သတိမကြီးရင် သိပ် အန္တရာယ်များတာမျိုးပါ။ ကိုယ့် အ တွက်ရော ကိုယ့်ရဲဘော်တွေ အတွက်ပါ ။

ဒါကြောင့် ဖြစ်နိုင်ရင် သိပ်အရေးကြီးတဲ့ ကိစ္စ နည်းနည်းလောက်ပဲ ကြိုတင် ရွေးချယ်၊ ပြင်ဆင်၊ သတိထားပြီး လိမ်တာ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့ လိမ်တာက ရက်တွေ ကြာလာတဲ့ အခါ ကယောင်ကတမ်းတွေဖြစ် လာတဲ့ အခါ (နောင်မှာ ဖြစ်လည်း ဖြစ်လာတယ်) ကိုယ် ဘယ်လို လိမ်ထားတယ်ဆိုတာ ကိုယ့်ဖာသာ မေ့ မေ့ သွားတော့ တချို့ လိမ်ထားတာတွေ ပေါ် သွားပြီး အဲဒီအခါကျတော့ သူတို့က ပိုပြီး ပက်ပက်စက်စက်၊ ရက်ရက် စက်စက် လုပ်ပါတယ်။

တပြိုင်တည်း ဖမ်းမိတာ နှစ်ယောက်၊ နှစ်ယောက် အထက် ဖြစ်ခဲ့ရင် လူခွဲမေး၊ လူခွဲစစ်ပြီး ထွက်ချက်တွေကိုပြန် တိုက်စစ်တာကြောင့် လိမ်ဖို့ အခွင့်အလမ်းက သိပ်နည်းသွားတယ်။ သိပ်ခက်တယ်။ ဖြေတဲ့ အခါတွေမှာလဲ အ မြန် ဖြေရတာဆိုတော့ တခါတခါ မရည်ရွယ်ဘဲ တချို့ အစတွေ ထွက်သွားတတ်တယ်။ အဲဒီ အစကို ထောက် လှမ်း ရေးက ယူသွားပြီး တခြားလူကို သွားစစ်၊ တခါ အဲဒီလူဆီက ထွက်လာတဲ့ အစကို ယူပြီး နောက်တ ယောက်ကို စစ်။ တိုက်စစ်၊ လှည့်စစ်၊ တပတ်ရိုက်စစ်၊ အယုံသွင်း စစ်။ ဒါကြောင့် လိမ်ဖို့ မလွယ်ဘူး။

ကိုယ်တယောက်ထဲပဲ သိတဲ့ အချက်အလက်တွေ၊ ဒါမှမဟုတ် အတူတူ အဖမ်းခံရတဲ့ လူတွေ မသိနိုင်တဲ့ အချက် အလက်တွေ ဆိုရင်တော့ ကိုယ် ပိရိရင် ပိရိသလောက် လွတ်လွတ်လပ်လပ် လိမ်လို့ရ၊ အကျိုးသင့် အကြောင်း သင့် လိမ်လို့ ရပါတယ်။ မေးခွန်းတွေ မေးတာမှာ မေးပြီးသားတွေကို ထပ်ခါထပ်ခါ ပြန် မေးတာမျိုး လည်း အ ကြိမ်ကြိမ်။ ကိုယ့်အရင် အဖမ်းခံထားရတဲ့ သူတွေ၊ ကိုယ်နဲ့လည်း ဆက်စပ်နေသူတွေရဲ့ ထွက်ချက်တွေကို ကိုင် ပြီး စစ်မေးတာမျိုးလည်း ရှိတယ်။ အဲဒီနည်းနဲ့ အချက်အလက်တချို့ သူတို့ သိထားနှင့်၊ ရ ထားနှင့်တာ ကိုယ်က မသိနိုင်ဘူး။ ဒီတော့ သူတို့ ထောက်လှမ်းရေး သိပ်သိနေပါလား ဆိုပြီး အထင်ကြီး စိတ်ဝင်၊ ပြီးတော့ လိမ်လို့ ဖုံးလို့ ဖြစ်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေ၊ စိတ်မချမှုတွေ ၀င်လာပါတယ်။ သိပ် မလိမ်ရဲ တော့ ဘူးပေါ့။ရေ မတိုက်တာကတော့ တော်တော်ဆိုးတယ်။ မေးခွန်းတွေကလည်း ဆက်တိုက်ဖြေနေရတယ်။နှစ်ရက် လောက် ကြာတဲ့ အထိ ကျနော့်ကို ရေမတိုက်ဘူး။ နှုတ်ခမ်းတွေလည်း ခြောက်ပြီး ကွဲနေတယ်။ ဖူး ယောင် လာ တယ်။ မျက်နှာမှာ နှုတ်ခမ်းတွေ ရှိနေတာ မသိလိုက် မသိဖာသာ မဟုတ်တော့ဘဲ၊ သက်သက်ကြီး အပင်ပန်း ခံ ] မ} ထားရသလိုပဲ။

နှစ်ရက်လောက် အကြာမှာ ရေတိုက်ဖို့ ကျနော် ထပ်ပြောတယ်။ တကယ်တော့ ပြောခဲ့တာ အကြိမ်ကြိမ်ပါ။ပြော တိုင်း အရိုက်ခံရတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ရေဆာတာက အရိုက်ခံရတာထက် ပို ဆိုးတယ် ထင်လာတယ်။ ကံအားလျော်စွာ ဒီတခါတော့ မရိုက်ဘူး။

- ကောင်းပြီ၊ ရေတိုက်မယ်။ ဒါပေမယ့် တခု မင်းအရင်ရေး။ ABSDF ဗဟိုကို မင်း တင်ခဲ့တဲ့ အစီရင်ခံစာ။ စာ မျက်နှာ ခြောက်ဆယ်ကျော်။ အဲဒါကို မင်းရေး။ ပြီးရင် ရေတိုက်မယ်

- စာမျက်နှာ ခြောက်ဆယ်ကျော်။ ကျနော် ဘယ်မှတ်မိမလဲ။ ဒါလောက် အများကြီး။ ခြောက်ဆယ်ကျော်လည်း မဟုတ်ပါဘူး။

- မလိမ်နဲ့။ မှတ်မိသလောက် ရေး။ စာမျက်နှာ ခြောက်ဆယ်ကျော်တယ်။ အဲဒီ အစီရင်ခံစာ ငါတို့ ရထားပြီးပြီ

- ဒါဆို ကျနော့်ကို ဘာလို့ ရေးခိုင်း ...

- လျှာ မရှည်နဲ့၊ ရေးခိုင်းချင်လို့ ရေးခိုင်းတာ။ ရေး

သူက စာရွက်တွေနဲ့ ဘောလ်ပင် ချထားပြီး အပြင်ထွက်သွားတယ်။ လက်ထိပ်ဖြုတ်ပေး ထားခဲ့တယ်။ ပြီးတော့ အပြင်ကနေ လှမ်းအော်တယ်။

- ခေါင်းစွပ် ချွတ်လိုက်။ ငါပြန်လာလို့ တံခါးဖွင့်သံကြားရင် ခေါင်းစွပ် ပြန်စွပ်

ကျနော် ခေါင်းစွပ် ချွတ်လိုက်တယ်။

အား ခနဲ လန့်အော်ပြီး ချက်ချင်း မျက်လုံး ပြန်မှိတ်လိုက်ရတယ်။ အလင်းရောင်က မျက်လုံးထဲ ၀င်လာတာ စူး ချွန်ချွန်နဲ့ ဆောင့်ထိုးလိုက်သလိုပဲ။ စူးလိုက် နာလိုက်တာ။ ရေကလည်း သိပ်ဆာနေတယ်။ ရေမသောက်ရဘဲ လူတယောက် ဒီလောက် ကြာကြာနေနိုင်တာ ဟုတ်ရော ဟုတ်ရဲ့လား။ ယုံတောင် မယုံချင်ဘူး။

စာရွက်နဲ့ ဘောလ်ပင်ကို ကောက်ယူလိုက်တယ်။ စဉ်းစားတယ်။ ဘာရေးရင် ကောင်းမလဲ။ စာမျက်နှာ ခြောက်
ဆယ်ကျော်တဲ့။ ပြဿနာ။ အစီရင်ခံစာ သူတို့ ရထားတယ်ဆိုတာ တကယ်များလား။ ကျနော် တွေဝေသွား တယ်။ စဉ်းစားမရဘူး။ ဒီလိုနဲ့ ကျနော် စပြီး ရေးတယ်။ ခေါင်းထဲမှာလည်း စာလုံးတွေ မပေါ်ဘဲ ရေတွေပဲ ပေါ် နေတယ်။ ရေ သိပ်သောက်ချင်တာပဲ။ လက်တွေလည်း တုန်နေတယ်။

တနာရီလောက် အကြာမှာ တံခါးဖွင့်သံ ကြားရတယ်။ ဒါနဲ့ ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်ရတယ်။ စော စောက လူ ၀င်လာတယ်။ ရှေ့မှာ ထိုင်တယ်။ ကျနော့် ရေးလက်စ စာရွက်တွေကို လှမ်းယူသံ ကြားရတယ်။

- ဖြောင်း

ကျနော့် မျက်နှာကို ဖြတ်ရိုက်တာ။ မျက်လုံးထဲ ၀င်းခနဲ။

- ဖြောင်း

- ဖြောင်း

ထပ်ရိုက်တယ်။ ဘယ်ပြန် ညာပြန်။ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်တာ။ ရိုက်လိုက်တိုင်း လူက နောက်ပြန်ယိုင် ယိုင်သွားတယ်။ သူက ဆဲတယ်။

- တနာရီလောက် ကြာတာ ဒီ တမျက်နှာပဲ ရလားကွ

- ကျနော် စဉ်းစားလို့ ရတာ ဒီလောက်ပဲ

- ဟေ့ကောင်၊ ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ဦး။ လူလဲ လုပ်ထားတာ ကြေနေပြီ။ ဒါတောင် သောက်မှတ် မရှိဘူး။ ကိုယ့်ကိုကိုယ် မနှမြောဘူး ထင်တယ်။ ဟုတ်လား။ မအေ -။ အေး။ ငါ ပြန်ထွက်မယ်။ ထပ်ရေး၊ ဒီမှာ ဟေ့ ကောင်၊ ရီးတီးယားတား မလုပ်နဲ့။ သေပြီးလို့ အရိုးပဲ ကျန်ရင်တောင် အရိုးကို ရိုက်စစ်ဦးမယ်ကွ။ သိလား။ ဘာမှတ်လဲ

စားပွဲကို ဖြောင်း ခနဲ ရိုက်ပြီး သူပြန်ထွက်သွားတယ်။ ကျနော် ဘယ်လို လုပ်ရမလဲ။ အစီရင်ခံစာ သူတို့ ရထား ပြီတဲ့။ အစ် နေတာလား။ အစ်တာဆိုရင် ဘာလို့ အစီရင်ခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက်တွေ ပြော နိုင်တာလဲ။ တကယ်ပဲ တနည်းနည်းနဲ့ သူတို့ ရထားပြီလား။ ကျနော် မှန်းလို့ မရဖြစ်နေတယ်။ နေပါဦး။ အဲဒီ အစီရင်ခံစာကို ဗဟိုကို တင်ထားတာ။ ဗဟိုကို တင်တယ်ဆိုတာတောင် တကယ်တော့ ထိပ်ပိုင်း လေးယောက် လောက်ကိုပဲ အစီရင်ခံစာ ပေးထားတာ မဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။ ကဲ မတတ်နိုင်ဘူး။ လွဲကာမှသာ လွဲ ရော။ လွဲလို့ ရိုက်ကာမှသာ ရိုက်ရော၊ သူတို့ လက်ထဲ အစီရင်ခံစာ ရောက်မနေဘူးလို့ အရင် ယူဆထားတာ ကောင်းမယ်။ ကျနော် စမ်းကြည့်ချင်စိတ် ပေါက်နေတယ်။ ဟုတ်တယ်။

ဒါပေမယ့် ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲ။ စဉ်းစားလို့လည်း ဘာမှ ပေါ်မလာဘူး။ ရေတွေပဲ ပေါ်လာ တယ်။ ရေ ဆာလိုက်တာ။ ရေ... ရေ... ။ ကျနော် ဘောလ်ပင်ကို ကိုင်ပြီး စရေးတယ်။ ရေးပြီးရင်း ရေးတယ်။ ခေါင်းထဲ ပေါ်လာသမျှ ရေးတယ်။ ရေ... ရေ....။

....တော်လှန်ရေးကျသော စိတ်ဓာတ် မရှိဘဲနှင့် တော်လှန်သော အတွေးအခေါ် တရပ် မရှိနိုင်။ တော်လှန် သော အတွေးအခေါ် တရပ် မရှိဘဲ စစ်မှန်သော တော်လှန်ရေး တရပ် မရှိနိုင်။ ထို့ကြောင့် ကျနော်တို့မှာ တော် လှန်ရေးကျသော စိတ်ဓာတ်ကို ပထမဆုံး ဦးစားပေး တည်ဆောက်ကြရမည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုနှင့် ထိုက်တန်သူများ ဖြစ်ကြသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့ဂုဏ်သိက္ခာ၊ လူသား အချင်း ချင်း အချစ်စိတ်၊ အနာဂတ် နိုင်ငံတော်သစ်၊ မတူသူချင်း အတူယှဉ်တွဲ နေထိုင်ခွင့်၊ လေးစားစွာ ကွဲပြားခွင့်၊ သ မိုင်းဝင် ရွေးချယ်မှု၊ မညီမျှမှု အသစ်၊ ကျွန်ုပ်တို့ တော်လှန်ရေး၏ အရေးကြီးသော အဆင့်နှစ်ဆင့်၊ အသက် ရှင် မှုအတွက် တိုက်ပွဲလော၊ အတွေးအခေါ်အတွက် တိုက်ပွဲလော၊ ခေတ်၏ ငြင်းဆန်မှု အသစ်နှင့် တောင်းဆိုမှု အသစ်များ၊ ကမ္ဘာ့ အခင်းအကျင်း အသစ် ...

ကျနော် ဘာတွေ ရေးနေလဲ၊ မသိဘူး။ ဒါပေမယ့် ရေးလို့တော့ သိပ်ကောင်းတာပဲ။ တခုရှိတာက ကျနော့်ကိုရေး ခိုင်းရင် ဒါမျိုးရေးမှာပဲ လို့ သူတို့ မျှော်လင့်ထားတာမျိုးတော့ အနည်းဆုံး ဖြစ်ရမယ် မဟုတ်လား။

ကျနော် ရေးနေတယ်။ အစီအစဉ်လည်း မကျဘူး။ ဒါပေမယ့် ရေးနေတယ်။ ရေ ... ရေ ... ရေအတွက်၊ ရေ ... ။

-----------------------------------------------------------------------------------------------------

ဘယ်လောက် ကြာသွားမှန်း မသိဘူး။ တံခါးဖွင့်သံ ကြားရတယ်။ ဟိုလူ ပြန်လာပြီ။ ကျနော်လည်း ဘောလ်ပင် ချလိုက်ပြီး ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်တယ်။ သူက ကျနော့်ကို လက်ထိပ် ပြန်ခတ်တယ်။ နောက် ကျနော် ရေးထားတဲ့ စာရွက်တွေ လှန်ပြီး ဖတ်နေတယ်။

မျက်လုံးတွေ ကျွတ်ထွက် လွင့်စင် သွားမတတ် ဖြစ်လောက်အောင် မျက်နှာကို ဘယ်တော့များ ဖြတ်ရိုက် မှာပါ လိမ့်။ တထိတ်ထိတ်။ ကျနော် စောင့်နေတယ်။ ရေးထားတာ ဆယ်မျက်နှာလောက်တော့ ရှိမယ် ထင်ပါရဲ့။ ၀င်း နိုင်ဦး။ ကံကောင်းစမ်း။

- အေး၊ ဒီလိုမှပေါ့ကွ။ မင်း ရေ ရမယ်

ကျနော်လည်း အခုမှ သက်ပြင်းချမိတယ်။ သူ ဘာလို့ လက်ခံသွားပါလိမ့်။ မသိဘူး။ ကျနော့်မှာ အူကြောင် ကြောင် နဲ့။ ဒါပေမယ့် သေချာတာကတော့ ကျနော် ABSDF ဗဟိုကို တင်ခဲ့တဲ့ အစီရင်ခံစာ သူတို့ ရထားတယ် ဆိုတာ မဟုတ်နိုင်တော့ဘူး။ ဒါပေမယ့် အဲဒီ အစီရင်ခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက် သူ ဘယ်လို လုပ် သိနေတာပါလိမ့်။ စာမျက်နှာ ခြောက်ဆယ်ကျော် ဆိုတာလည်း ဟုတ်နေတယ်။ သူက တံခါးပိတ်ပြီး ပြန် ထွက်သွားတယ်။ ခဏကြာတော့ ပြန် ၀င်လာတယ်။ ကျနော့်ရှေ့ ရေတခွက် ချပေးတယ်။

- ခေါင်းစွပ် အောက်နားစကို ငါ အသာ မ ပေးမယ်။ ငါ့ကို မော့မကြည့်နဲ့။ သောက်

ခက်တာက ကျနော့်ကို လက်ထိပ် ချွတ်မပေးတာဘဲ။ လက်ထိပ်ကလည်း နောက်ပြန်ခတ်ထားတာ။ ရှေ့မှာ ရေ ခွက်ကို တွေ့တယ်။ လက်ဖက်ရည် အကြမ်းပန်းကန် အသေးလေး တလုံးပါ။ ဒါနဲ့ ကျနော်လည်း ကိုယ်ကို ရှေ့ ကိုကုန်း၊ ပန်းကန်လုံး နှုတ်ခမ်းကို ပါးစပ်နဲ့ တေ့ပြီး၊ ၀က်တကောင်လို ရေကို ပြွတ် ခနဲ စုပ် သောက်လိုက်တယ်။ တ၀က်လောက်ပဲ သောက်ရသေးတယ်။ တော်ပြီ ဆိုပြီး ပန်းကန်လုံးကို ဆွဲယူသွားတယ်။ ကျနော်က "ရေပေး ပါ " လို့ ပြောတယ်။ "ဆက် မပြောနဲ့ "တဲ့။ ကျနော် တော်တော် စိတ်ဓာတ်ကျသွားတယ်။ သူက မေးခွန်းတွေ ဆက်မေးတယ်။

ဒီလိုနဲ့ နေရင်း အတော်ကြာတော့ ကျနော် စိတ်ကူး တခု ရလာတယ်။ ဒါနဲ့ အိမ်သာ တက်ချင်တယ် လို့ သူ့ကို ပြောလိုက်တယ်။ သောက်ရေးထဲမှာ လို့ သူက ပြောပြီး ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ တွဲပြီး လိုက် ပို့ ပေးတယ်။

အိမ်သာထဲရောက်တော့ တံခါးပိတ်။ ခေါင်းစွပ် ချွတ်လိုက်တယ်။ ဒေါင့်မှာ ညစ်ညစ်ပတ်ပတ် မြေအိုး နှုတ်ခမ်း ပဲ့လေး တလုံးတွေ့တယ်။ အိမ်သာ သုံးဖို့ရေ။ ဒါနဲ့ အိုးထဲကို ကြည့်လိုက်တော့ ကျနော် ကံဆိုးတယ်။ ရေက အ ကပ် အသပ်လေးပဲ ကျန်နေတာ။ အပေါစား အိမ်သာက ရေဆိုတော့ ညစ်ကလည်း ညစ်ပတ်နေသေး။ မတတ် နိုင်ဘူး။ အိုးမှုတ်ခွက်ကိုယူ၊ ရေကို ခြစ်ပြီး ခပ်လိုက်တော့ ဂျစ် ခနဲ အသံ မြည်သွားတယ်။

ဝုန်း

အိမ်သာကို အပြင်ကနေ ဟိုလူ အုတ်ခဲနဲ့ လှမ်းထုလိုက်တာပါ။

ထွက်စမ်း၊ ငါ -မသား။ အိမ်သာရေ သောက်မလို့ မဟုတ်လား။ ခုချက်ချင်းထွက်၊ မအေ-

ဟာ။ ဘာပြောကောင်းမလဲ။ အယုတ်တ အနတ အော်ကြီးဟစ်ကျယ်၊ မကြားဝံ့ မနာသာတွေ ဆဲဆိုနေ လိုက် တာ အိမ်သာရှေ့မှာ ဆူညံနေတာပဲ။ ကျနော်လည်း အလန့်တကြားနဲ့ လက်ထဲက အုန်းမှုတ်ခွက် လွတ်ကျ သွား ပြီး အိမ်သာထဲကနေ ကမန်းကတန်း ထွက်ရတယ်။
(ကျနော် စဉ်းစားကြည့်တယ်။ သြော်- အိမ်သာရေကိုတောင် ဒီလူတွေ မသဒ္ဓါကြပါလားလို့။ တော်ပါသေးရဲ့။ မ ရိုက်လို့။ အရိုက်ကလည်း မခံနိုင်တော့လောက်အောင်ပဲ။ ရိုက်လိုက်ရင် အသားတွေ ပဲ့ကျ။ ကြွေကျ တော့မ လားတောင် ထင်ရတာ။)

ကျနော့်ကို ထောက်လှမ်းရေး (၁၄) (ထောင်ထဲရောက်ပြီးမှ အဲဒီ နံပါတ်ကို သိရတာပါ။) မှာ စစ်တာ၊ ရေ နှစ် ရက်လား သုံးရက်လား မသိဘူး။ မတိုက်ဘူး။ ထမင်း သုံးရက် မကျွေးဘူး။ လေးရက်စလုံး မအိပ်ရဘူး။ (နောက် ပိုင်း ပြန်စဉ်းစားကြည့်မှ သိရတာပါ။) နေ့တွေ ညတွေလည်း မကွဲဘူး။ မေးခွန်းတွေ၊ ဆဲဆိုသံတွေ၊ ရိုက်နှက်တာ တွေနဲ့ပဲ တချိန်လုံး ပြည့်နှက်နေတာ။

မေးတာမှာ အဖွဲ့ နှစ်ဖွဲ့ရှိတယ်။ တဖွဲ့က ပြေပြေလည်လည် အဖွဲ့ပါ။ သူတို့က ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်။ ချော့တယ်။ ကိုယ့်မိသားစုကို ငဲ့ညှာဖို့၊ ကိုယ့်ရှေ့ရေးကို တွေးဖို့။ ကျောင်းသား ခေါင်းဆောင်တွေထဲက ဘယ်သူ ဘယ်ဝါတွေဆိုရင် လက်ဖျားနဲ့တောင် မထိရသေးဘူး။ အကုန်ပြောတာ။ သမိုင်းစာအုပ်ထဲက သူရဲကောင်း တွေ လို လုပ်နေလို့ ဘာထူးမလဲ ဘာညာ။ စသဖြင့် ပြောတယ်။ ပျော့ပျော့လေးနဲ့ ခြောက်တယ်။ ဖြေတာကို စိတ် ရှည် လက်ရှည်နဲ့ နားထောင်တယ်။ (လိမ်ပြောတာကို လဲ လိမ်နေမှန်း သူတို့ သိ နေရင်တောင် ငြိမ်ပြီး နား ထောင်တယ်။)

သူတို့ ထွက်သွားပြီးရင်တော့ နောက်တဖွဲ့ ၀င်လာပါရော။ (မမြင်ရတော့ သူတို့ပဲ ဖြစ်ရင် ဖြစ်နေမှာ။) တကယ့် သမ္မတ လူကြမ်းအဖွဲ့။ ကြမ်းလိုက်တာ ကမ်းကုန်ရော။ ၀င်လာကတည်းက တံခါးကို ၀ုန်းခနဲ ဆောင့်ကန်ဖွင့်၊ အသံကုန်အော်ပြီး ၀င်လာ။ လူကို တွေ့တာနဲ့ မဟားဒယားရိုက်၊ နောက်ကနေ ဆောင့်ကန်၊ ခုံနဲ့ ရှေ့က စား ပွဲ ကြား လူက ညပ်လို့။ တခါတခါ ခုံပေါ်ကနေ လွင့်စင်ကျ၊ ကြမ်းပေါ်မှာလဲ အလဲလဲ အပြိုပြိုဖြစ်၊ ၀ိုင်းကန်၊ အော် ဟစ်ဆဲဆို၊ အသံမျိုးစုံ။ အို... ဆူညံနေတာပဲ။ လူက ဘယ်လိုဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ ထူပူ၊ အံ့သြ၊အ ဝေး ကြီးကို လွင့်စင်ထွက်သွားသလို ခံစားရ။ ပြီးတော့ မေးခွန်းတွေ မေးလိုက်။ ရိုက်လိုက်၊ မေးလိုက်၊ ရိုက်လိုက်။ မေး။ ရိုက် ... ။

ဖြစ်ရပ်တခုကို ကျနော် မှတ်မိနေပါသေးတယ်။ ဆရာဝန်နဲ့ ပတ်သက်တဲ့ ကိစ္စပါ။ အဖမ်းခံရတုန်းက ကျနော်ဝမ်း တွေ လျှောနေတယ်။ ငှက်ဖျားကလည်း ပြန်ထချင်ချင်။ ထောက်လှမ်းရေး ရောက်ပြီး ကျနော့်အထင် နှစ်ရက် လောက်လား အကြာမှာ ကျနော် တကိုယ်လုံး ခြစ်ခြစ်တောက် ပူလာတယ်။ ကျနော် ဖျားနေပြီ။ ကျနော် သူတို့ ကို ပြောတယ်။ ဒါနဲ့ သူတို့က ဆရာဝန် ခေါ်လာတယ်။

ဆရာဝန်လာတော့ ကျနော့်ကို ဆေးစစ်တယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ နာနာကျင်ကျင်၊ ဒုက္ခ ရောက်နေ ချိန်မို့လား မသိဘူး။ အဲဒီ အချိန်တုန်းကလောက် ဆရာဝန် တယောက်အပေါ် အားကိုးစိတ်၊ ချစ်ခင်စိတ် ပေါ် သ လိုမျိုး အရင်တုန်းက တခါမှ ပေါ်ခဲ့ဖူးမယ် မထင်ဘူး။ ထောက်လှမ်းရေး ရောက်ပြီးမှ လူသားဆိုတာကို ပထမ ဆုံး အကြိမ် ပြန် မြင်ရသလိုမျိုး စိတ်ထဲ ခံစားရတယ်။ ဆရာဝန်က ကျနော့်ကို စမ်းသပ်တယ်။ ပြီးတော့ ထောက် လှမ်းရေးကို ကျနော့်ကို တိုက်ဖို့ ဆေးတချို့ ပေးတယ်။ ပြီးတော့ ပြောသွားတယ်။

- ဖျားတော့ ဖျားနေတယ်။ ဒါပေမယ့် ဆက်ပြီး မေးလို့၊ စစ်လို့ ရသေးတယ်

ဟာ။ ဆရာဝန်ကို ကျနော် အံ့အားသင့်သွားမိတယ်။ သူ့စကား အဓိပ္ပာယ်က ဆက်နှိပ်စက်လို့၊ ဆက် ရိုက်လို့ ရ သေးတယ် လို့ ပြောသွားတာပဲ မဟုတ်လား။ ဆရာဝန် တယောက်ဆီက ကျနော် မျှော်လင့်ခဲ့တဲ့ ဆရာဝန်စိတ်၊ လူသားစိတ် ဘယ်မှာလဲ။ ဟုတ်တယ်။ ဆရာဝန်တောင် အခန်းပြင် မရောက်သေးဘူး။ နည်းနည်းကို များများ ဖြစ်ရလား ဆိုပြီး ကျနော့်ကို ၀ိုင်းပြီး ရိုက်ကြ ကန်ကြပါလေရော။ ထောက်လှမ်းရေးက ဆရာဝန်ကလည်း ထောက်လှမ်းရေး အတိုင်းပါပဲလား။ (တကယ်တော့ သူတို့ ဆရာဝန် ခေါ်တာကလဲ ကျနော့်ကျန်းမာရေး အ တွက်၊ ကျနော့်အသက်အတွက် စိုးရိမ်လို့ မဟုတ်ပါဘူး။ ကျနော့် အခြေအနေ ဆိုးလာရင် သူတို့ စစ်ဆေးနေ တာတွေ ရပ်ရမှာ စိုးလို့ပါ)။

ကိုယ် အရိုက်မခံရတဲ့ အချိန်မှာလည်း အရိုက်မခံရလို့ ဆိုပြီး စိတ်ချမ်းသာစရာ မရှိပါဘူး။ ဘေးအခန်းတွေက ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆူညံနေတဲ့ အသံတွေ၊ ရိုက်နှက်သံတွေ၊ နာကျင်လွန်းလို့ စူးစူးဝါးဝါး အသံကုန် ခြစ်ပြီးအော်ဟစ် လိုက်တဲ့ အသံတွေ၊ အော်ရင်းက တိမ်ဝင် ပျောက်ကွယ်သွားတဲ့ အသံတွေ၊ တအင်းအင်း ညည်းညူသံတွေ၊ အ သက်ရှူမွန်းကျပ်နေတဲ့ အသံဆိုးကြီးတွေ ...၊ ဒါ...ဒါ... ကျနော်နဲ့ သိသိ မသိသိ၊ ကျနော်တို့ ရဲဘော်တွေရဲ့ အသံ တွေပဲ မဟုတ်လား။

အဲဒီ အသံတွေ ဒလစပ် ကြားနေရတာ စိတ်ထိခိုက်စရာကြီးပါ။ စိတ်ကို ဓားနဲ့ အမွှမ်းခံရသလိုပဲ။ရင်ထဲဆို့ဆို့လာ တယ်။ ပြီးတော့ စိတ်ကလည်း ခြောက်ခြားလာတယ်။ ကိုယ်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ နာတယ်။ ခန္ဓာကိုယ် တင်မက စိတ်ပါ နာကျင်ရတာမျိုး။

မစားရ၊ မအိပ်ရတာကြာတော့ စိတ်က ကစဥ့်ကလျား ဖြစ်လာသလိုပဲ။ ဟုတ်တယ်။ စိတ်ကို စုလို့ကို မရဘူး။ စိတ် က ပြန့်ပြီး ခန္ဓာကိုယ်ဆီကနေ ထွက်ထွက်ပြေးနေသလိုမျိုး။ သူတို့ မေးခွန်းတွေကို ဖြေရာမှာလည်း အဖြေ တွေက ကဘောက်တိ ကဘောက်ချာတွေ ရှေ့နောက်လွဲတာတွေ ဖြစ်လာတယ်။ တခါ တခါ သီချင်းသံတွေ လို လို၊ မြန်မာ့အသံက သတင်းကြေညာချက်တွေ လိုလို၊ ဘီဘီစီ အသံလွှင့်ချက် တွေလိုလို။ တခါတခါ လည်း သတင်း ကြေညာတဲ့အထဲမှာ ကျနော့်နာမည်ကို အတိုင်းသား ကြားနေရတယ်။ ကျနော့်နာမည်တွေကို အော် ပြီး ရင်း အော်နေတာ ကြားရတယ်။ (တကယ်လည်း မဟုတ်ပဲနဲ့)။ ဘာတွေ ဖြစ်နေပြီလဲ။ ဘာမှ မကွဲတော့ဘူ။

နောက်ပိုင်း ရက်တွေမှာတော့ အစောပိုင်း ရက်တွေနဲ့ စာရင် အရိုက်ကျဲသွား၊ နည်းသွားတယ်။ နြညအေူ အသမအကမန ပဲ များလာတယ်။ တကယ်တော့လည်း အရိုက်နည်းသွားတာဟာ အရင်အတိုင်း ဆက်ရိုက်လို့ မဖြစ်တော့လို့ပါ။ လူက ယဲ့ယဲ့ပဲ ကျန်တော့တယ် မဟုတ်လား။ ဒါကို သူတို့ကလည်း သိပါတယ်။ ဒါကြောင့်အရင် လို မရိုက်တော့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အရင်လို အရိုက်ခံရပြီး ရက်ပေါင်းများစွာ သတိလစ် မေ့မျောသွားရင် ကောင်းမှာပဲလို့ တွေး မိတယ်။ ဒါမှ ရုပ်ပိုင်း စိတ်ပိုင်း နာကျင်တာတွေ၊ နားထဲကို စူးနဲ့ ရိုက်သွင်းလိုက်သလို မေးခွန်းသံတွေ၊ လူမ ဆန် မှုတွေကနေ လွတ်မြောက်မှာ မဟုတ်လား။ သူတို့ကလည်း သတိလစ် မေ့မျောသွားတာကို လက်ခံချင်ပုံ မရ ပါ ဘူး။ မေးခွန်းတွေ မမေးနိုင် ဖြစ်မှာ စိုးလို့ပါ။
လေးရက်လောက် ကြာပြီးချိန်မှာတော့ ထောက်လှမ်းရေး (၁၄)ကနေပြီး ထောက်လှမ်းရေး (၆)ကို ကျနော် တို့ ကို လွှဲပြောင်း ပို့လိုက်တယ်။ (အဲဒီတုန်းကတော့ ထောက်လှမ်းရေး (၆)မှန်း မသိပါဘူး ။ မပို့ခင် ကျနော့်ကို ပြော တယ်။

- မင်း အခု သွားရမယ့် နေရာက တို့ထောက်လှမ်းရေးမှာ အကြီးဆုံးဌာနပဲ။ မင်းတို့နဲ့ ပတ်သက်တဲ့အ ချက်အ လက်တွေ အဲဒီဌာနမှာ အကုန်ရှိတယ်။ သူတို့က အကုန်သိတယ်။ ငါတို့ထက် ကြမ်းတယ်။ ဒီတော့ မင်း ထုတ် ဖော် မပြောတာတွေ အခု ထုတ်ပြော။ ဒါဆို အဲဒီ နေရာကို မပို့ဘူး

- ကျနော် သိသမျှ အကုန် ပြောပြီးပါပြီ

ကျနော် လိမ်လိုက်တယ်။

ကျန်သေးတယ်

ကျနော်လည်း ဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ်။

အေး၊ ဘယ်တတ်နိုင်မလဲ၊ မင်းထိုက်နဲ့ မင်းကံပေါ့ကွာ

စိတ်မကောင်းသလို အသံနဲ့ သူက ပြောတယ်။ (အဲဒီအချိန် ကျနော့်ကို ခေါင်းစွပ် စွပ်ထားလို့ သူ့ရဲ့ စိတ်မ ကောင်း ဖြစ်နေပုံ မျက်နှာအတုကြီးကို မမြင်ရလို့ စိတ်ချမ်းသာရပါတယ်)။ သူတို့ စကားအတိုင်းဆိုရင် နောက် ထောက်လှမ်းရေးဌာနမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးတွေ ကျနော် ဆက်ကြုံရဦးမှာပါလိမ့်။ ကျနော် စိတ်ပူသွား တာတော့ အမှန်ပဲ။ ဒီလိုနဲ့ နောက် ထောက်လှမ်းရေးစခန်း (ထောက်လှမ်းရေး-၆) ကို ရောက်သွားပါရော။

--------------------------------------------------------------------------------

ထောက်လှမ်းရေး စခန်းရောက်တော့ ကားပေါ်က ဆင်းတာနဲ့ ကျနော့်ကို တယောက်က ဘေးကတွဲရင်း၊ ဘယ် ကွေ့ ညာကွေ့ တိုက်မိမယ်၊ ခေါင်းငုံ့  ရှေ့မှာ လှေကားထစ် စမ်းပြီးတက် စတဲ့ အမိန့်တွေ ပေးပြီး ခေါ် သွား တယ်။ နောက်ဆုံး အခန်းတခန်းထဲ ရောက်သွားတယ်။ နောက် ကျနော့်ကို ကုလားထိုင် တလုံးပေါ် ထိုင်ခိုင်းပြီး တယောက်ထဲ ထားခဲ့တယ်။ လက်ထိပ်နဲ့ ခေါင်းစွပ်ကတော့ မချွတ်ရသေးဘူး။

စိတ်အထင် သုံးလေးနာရီလောက် ကြာမလား။ ဒီ့ထက်ကြာမလား။ ကျနော် မွန်းအိုက်လာတယ်။ တဖြည်းဖြည်း
နဲ့ အသက်ရှုရ ကျပ်လာတယ်။ ခေါင်းစွပ်ကလည်း ချွေးတွေ သွေးတွေနဲ့ နံစော်နေတာပဲ။ ခဏချွတ်ကြည့်မလား လို့ စဉ်းစားကြည့်တော့ မချွတ်ရဲဘူး။ အနားမှာ တယောက်ယောက် ထိုင်ပြီး ကျနော့်ကို စိုက်ကြည့်နေသလို စိတ် ထဲ ခံစားနေရတယ်။

ထောက်လှမ်းရေး (၁၄)ကလည်း လှန့်ထားတော့ ကြိုတင်အတွေးနဲ့ စိတ်ကပူ အတွေးတွေကလည်း ရှုပ်ယှက် ခတ်၊ စိတ်ကလည်း လွတ်လွတ်ထွက်သွားတော့ လူက ယိုင်ယိုင်သွားတယ်။ မယိုင်နဲ့။ မယိုင်နဲ့။ ၀င်းနိုင်ဦး။ တင်း ထား။ သတိထား။ သတိထားလေ၊ တင်းထားလေ လူက ပိုယိုင်လေ။ ခုံပေါ်ကနေထိုးလဲကျ သွားတော့မလား။ ဒီကြားထဲ အသက်ရှူလို့က မ၀ဘူး။ ကျပ်လာတယ်။ မောလာတယ်။ ချွေးတွေ ထွက်လာတာကလည်း ရွှဲနစ်နေ တာပဲ။ မူးလာတယ်။ ဒီအတိုင်း မဖြစ်တော့ဘူး။ ဟုတ်တယ်။ တခုခု လုပ်မှ ဖြစ်တော့မယ်။ ထ အော်လိုက်ရမ လား။ တခုခု။ မဟုတ်ရင်...

(နောက်ပိုင်းမှာ အတွေ့အကြုံရှိသူတွေကို အဲဒီအဖြစ်အပျက် ပြန်ပြောပြတော့ ကျနော့်ကို ထားသွားတဲ့ အခန်း က အလုံပိတ်ခန်းတဲ့။ ဓာတ်ငွေ့လွှတ်ထားရင်တောင် လွှတ်ထားနိုင်တယ်။ ဒါကြောင့် ကျနော် အသက်ရှူ ကျပ် တာတဲ့။)

ဒါပေမယ့် နောက်ဆုံးမှာတော့ တံခါးဖွင့်သံ ကြားရတယ်။ တယောက် ၀င်လာတယ်။ ကျနော့်ကို အခန်းထဲက အပြင် ခေါ် ထုတ်သွားပြီး အခြား အခန်းတခန်းကို ရွှေ့တယ်။ အသက်ရှူရ ချောင်လာတယ်။ နည်းနည်းအေးလာ သလိုပဲ။ နေ့လား၊ ညလား။ လင်းတော့ လင်းနေတယ်။ မီးချောင်းတွေ ထွန်းထားတာလား။

မကြာခင်မှာ လူတွေ ၀င်လာတယ်။ ခြေသံတွေ ကြားရတာ တော်တော်များမယ့်ပုံပဲ။ ကျနော့်ရှေ့ မျက်နှာချင်းဆိုင်မှာ ခုံတွေ တွန်းရွှေ့သံ၊ ထိုင်လိုက်ကြသံ ကြားတယ်။ ဘာစကားမှ မပြောကြဘူး။ လုံးဝ မပြောကြဘူး။ အဲဒီအတိုင်း။ အကြာကြီး။ လေးလံလံ တစုံတခု ကျနော့်ကိုယ်ပေါ် ပိကျလာနေသလို ခံစားရ။ ပြီးတော့မှ ခပ်လေးလေး အသံကြီး တသံထွက်လာတယ်။ အသံက မီးဖုတ်ထားသလို မီးကျီးခဲလို ရဲနေတဲ့ သံချောင်းကြီး တချောင်းလိုမျိုး။

- မင်း အခုထွက်လာတဲ့ နေရာက တော်တော်ဆိုးလား

- ဆိုးတယ်

- မင်း မအိပ်ရတာ ကြာပြီလား

- ဖမ်းတဲ့နေ့ကတည်းက ခုထိ လုံးဝ မအိပ်ရသေးဘူး

- မင်း အခု ဘယ်နေရာ ရောက်နေလဲ၊ သိလား

- ဟင့်အင်း၊ မသိပါဘူး

- အဖမ်းခံရတာ ဘယ်နှစ်ရက် ရှိပြီလဲ

- မမှတ်မိဘူး

- မင်းထွက်လာတဲ့ နေရာက ဒီနေရာနဲ့ ပတ်သက်လို့ ဘာတွေ ပြောလိုက်သလဲ

- အကြီးဆုံး ဌာနလို့ ပြောပါတယ်

- မင်း အခု ထွက်လာတဲ့ နေရာက တော်တော်ဆိုးလား (ဒီမေးခွန်း မေးပြီးပြီ ထင်တယ်)

- ဆိုးပါတယ်

- ဘယ်လို ဆိုးလဲ

- မအိပ်ရဘူး။ ဒီကိုထွက်လာခါနီးမှ ထမင်းစားရတယ်။ နှစ်ရက်လောက် ရေမတိုက်ဘူး။ တောက်လျှောက် ရိုက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတယ်။ ဖျားနေတာတောင် မရဘူး

မေးခွန်း မမေးတော့ဘဲ သူတို့ချင်း တီးတိုး ပြောနေကြတဲ့ အသံတွေ ကြားရတယ်။ ဘာတွေ ပြောနေမှန်း မသဲကွဲဘူး။ နားထဲလည်း အူနေတယ်။ အာရုံစိုက် နားထောင်လိုက်ရင် ခေါင်းထဲ မူးလာတယ်။ လူက ရှေ့နောက် ၀ဲယာ ယိမ်းထိုးနေတယ်လို့ ထင်တယ်။ တအောင့်ကြာတော့မှ သူတို့ ဆီက စကားသံ ထွက်လာတယ်။

- အေး၊ ငါတို့ အတန်တန်မှာထားတယ်။ ဒီလောက် ရက်ရက်စက်စက် မလုပ်နဲ့လို့။ ဒီကောင်တွေ နားမထောင်ဘူး။ လူမိုက်တွေ

သူက ဆဲလိုက်သေးတယ်။ ကျနော့်စိတ်ထဲ နည်းနည်း ပေါ့သွားသလိုပဲ။ ရေနစ်နေတဲ့ လူတယောက်အတွက် ကောက်ရိုးမျှင်လား။ ဒါပေမယ့် ကျနော်သိပါတယ်။ သူတို့ လိမ်နေကြတာပါ။ ကျနော်ထွက်လာခဲ့တဲ့ ထောက်လှမ်းရေးက လူတွေကို သူတို့ပဲ ရက်ရက်စက်စက်တွေ လုပ်ခိုင်းထားတာပါ။ သူတို့ပဲ လူမဆန်ဖို့ အမိန့်တွေ ပေးထားတာပါ။

မေးခွန်းတွေ စမေးတယ်။ ကျနော့်ကိုယ်ရေး အချက်အလက် တချို့ပါ။ ဒါကလည်း အကြိမ် တသိန်းလောက် ကျနော် ဖြေပြီးပါပြီ။ ဒါပေမယ့် အဲဒါကိုပဲ ပြန်ဖြေတာပဲ ကျနော် မနည်း စဉ်းစားနေရတယ်။ ဥပမာ ... တက္ကသိုလ်မှာ ကျနော့်ကို စာမေးပွဲ ဖြေခွင့်မပေးတာ ဘယ်နှစ်ကြိမ်လဲ။ ခုနှစ် သက္ကရာဇ်တွေ။ ကျနော့်အဒေါ်နဲ့ ဦးလေးရဲ့ နာမည် စတာတွေမျိုးတွေက အစ။ စဉ်းစားတိုင်း သိပ်ပင်ပန်းတာပဲ။ ခေါင်းထဲ မူးမူးသွားတယ်။

- ကောင်းပြီ။ မင်းမှာ ခယ်မ နှစ်ယောက် ရှိတယ်နော်

- ဟုတ်ပါတယ်

- သူတို့ နာမည်တွေ ပြောစမ်း

- အငယ်က အေးအေးသန့်၊ အကြီးက ...

ပြဿနာပဲ။ အကြီးမလေး နာမည် ကျနော်စဉ်းစားလို့ မရဘူး။ ချွေးတွေ ပြန်လာတယ်။

အကြီးမလေး နာမည်က ... ၊ နာမည်က ...

ကျနော် လက်လျှော့လိုက်တယ်။

- ကျနော် စဉ်းစားလို့ မရတော့ဘူး

သူတို့ဆီကနေ တပြိုင်နက်ထဲ ဝေါခနဲ ရယ်သံကြီး ထွက်လာတယ်။ တယောက်က ...

- ခယ်မနာမည်များ မေ့ရတယ်လို့ကွာ

- မိန်းမနာမည်သာ မေ့ရင်မေ့ရတယ်။ ခယ်မနာမည် မမေ့ရဘူးကွ

တယောက်တပေါက် ပြောကြရင်း တဟားဟားနဲ့ သူတို့ ရယ်နေကြတယ်။

- ဒီကောင် အခြေအနေ သိပ်ဆိုးနေပြီ

တယောက်က ခပ်တိုးတိုး ၀င်ပြောတာ ကြားလိုက်တယ်။ ရဲနေတဲ့ သံချောင်းကြီးက ...

- ကောင်းပြီး မင်းကို ခေါင်းစွပ် ချွတ်ပေးမယ်။ ထမင်းကျွေးမယ်။ အိပ်ရမယ် မအိပ်ရဘူးဆိုတာကတော့ မင်းအပေါ်မှာ မူတည်တယ်။ ဒါပေမယ့် ဒီညတော့ မင်း အိပ်ရမှာ မဟုတ်ဘူး။ တို့မှာ အချိန်သိပ်မရှိဘူး။ ငါတို့က နေ့ဖက်နဲ့ ညဖက်ကို အလှည့်နဲ့ ခွဲပြီး စစ်တာဆိုတော့ ငါတို့ အိပ်ရပေမဲ့ မင်းကတော့ အိပ်ရမှာ မဟုတ်ဘူး။ တို့ဌာန အကြောင်း ပြောပြမယ်။ အချက်အလက်တွေ ထိမ်ချန်ပြီး ငါတို့ဆီက ပြန်သွားနိုင်တာမျိုး ထုံးစံမရှိဘူး။ ကြံကြိတ်စက်ထဲ ကြံထည့်ကြိတ်တာ မင်းမြင်ဖူးလား

- မြင်ဖူးတယ်

- အေး၊ အဲဒီအတိုင်း ဖြစ်သွားမယ်။ ဒီတော့ အကုန်ဖြေ၊ အမှန်အတိုင်းဖြေ။ နားလည်လား

- ဟုတ်ကဲ့ (တကယ် ဖြေမဖြေက ကိုယ့်အလုပ်ပဲ မဟုတ်လား )

- မင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါတို့ စုဆောင်းထားတယ်။ အတော်စုံပြီ။ ကိုယ့်ကိုယ်ကို သနား။ ကြည့်လိုက်တာနဲ့ မင်း တော်တော်ခံထားရပြီဆိုတာ သိတယ်။ မင်း အသိဆုံး။ ဟုတ်လား

... ... ...

- ဒီတော့ ကိုယ့်ကိုယ်ကို သနား၊ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူကမှ မင်းကို သနားမှာ မဟုတ်ဘူး။ ဟုတ်လား

- ဟုတ်ကဲ့

- မင်းအခု ထွက်လာတဲ့ နေရာက မင်းကို ပြောလိုက်တာ မှန်တယ်။ တို့ဌာနက အကြီးဆုံး။ မင်းအခု ထိုင်နေတဲ့ ထိုင်ခုံမှာ အောင်ကြီး ထိုင်ဖူးတယ်။ သခင်တင်မြ ထိုင်ဖူးတယ်။ အကုန် ၀န်ခံရတယ်။ ဟုတ်လား။ ဒီဘ၀ ရောက်ပြီးမှတော့ ဖုံးကွယ်နေလို့ အပိုပဲ။ ကိုယ်လုပ်တာ ကိုယ်ပြောရဲရမှာပေါ့။ ဒါမှ ယောက်ျား။ ဒါမှ သတ္တိ။ ဟုတ်လား

... ... ...

- ဟေ့ကောင်၊ ပြောနေတာကြားလား

- ကြားပါတယ်

သူတို့ မတ်တပ်ထရပ်သံ ကြားရတယ်။ အပြင်ကို ထွက်သွားကြတယ်။ နောက်တော့ လှမ်း အော်ပြောလိုက်သံ ကြားရတယ်။

- တံခါးပိတ်လိုက်။ ပြီးရင် သူ့ကို ခေါင်းစွပ် ချွတ်ပေးလိုက်

--------------------------------------------------------

အခန်းထဲမှာ တစုံတယောက် ကျန်ရစ်ခဲ့ပုံပဲ။ ခေါင်းစွပ်ချွတ်ပေးတော့ ဗြုံးခနဲ မျက်လုံးက ကျိန်းစပ်သွားတာနဲ့ ချက်ချင်း ဖွင့်လို့ မရဘူး။ လူကတော့ တော်တော်ပေါ့ပါးသွားတယ်။ ပုပ်စော်နံနေတဲ့ အမှိုက်ပုံးထဲ ခေါင်းထိုးထည့်ထားရတဲ့ ဘ၀က လွတ်သွားပြီကိုး။ အသက်ရှူလို့ ကောင်းလိုက်တယ်။ ရှူ ... ရှူ ...။ ၀င်းနိုင်ဦး။ ရှူ...။ ရှူ...။
လေကိုပါ မဟုတ်ဘဲ ဘ၀ကိုပါ ရှူ။ ခံနိုင်ရည်ကိုပါ ရှူ။
အနာဂတ်ကိုပါ ရှူ။ ရှူ။ ရှူ ... ။

အလင်းရောင်ကို မမြင်ရတာ ကြာပြီဆိုတော့ တော်တော်ကြာမှ မျက်လုံးက ဖွင့်လို့ ရတယ်။ ရှေ့က ထိုင်ခုံမှာ အသက်လေးဆယ်လောက် လူတယောက်။ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဟင့်အင်း။ ဒါ မျက်လုံးတွေ မဟုတ်နိုင်ဘူး။ ဖန်ဂေါ်လီလုံးတွေပဲ ဖြစ်မယ်။ သူ့မျက်နှာက ကျောက်ပြင် တချပ်လို။ ဟာလာဟင်းလင်းကြီး။ လည်ပင်းမှာ ဆွဲကြိုးခပ်ကြီးကြီး တကုံးဆွဲထားတယ်။ နာရီကလည်း ရွှေရောင်နာရီ အကောင်းစား။ အသားညိုညို၊ ဂင်တိုတို၊ မျက်နှာမှာ ကျောက်ပေါက်မှာ တချို့ တွေ့ရတယ်။ အတော်ကြာမှ သူက အသံလေးလေးနဲ့-

- မင်း ရန်ကုန် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်နော်

- ဟုတ်ပါတယ်

- မင်း ပညာတတ်တယောက်ပဲ။ မင်းကို ငါတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်။ မင်းထွက်လာခဲ့တဲ့ နေရာတွေမှာ ဆိုးဆိုးဝါးဝါးတွေ မင်းကြုံရပြီးပြီ မဟုတ်လား

ကျနော် ငြိမ်နေလိုက်တယ်။

- အေး၊ ပထမဆုံး မေးချင်တာက Max က CIA ကလား

Max ဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ ကျောင်းသားတွေကို ကူညီနေတဲ့ အမေရိကန်ပါ။ ကျနော်နဲ့လည်း ကောင်းကောင်း မရင်းနှီးပါ။ ABSDF အဖွဲ့နဲ့ မတူတဲ့၊ ကျနော့်ရဲ့ သီးခြား လုပ်ငန်းစဉ်တွေကို စိတ်ဝင်စားပြီး ကူညီသူပါ။ မြန်မာ ကျောင်းသားတွေအပေါ် အလွန် စိတ်ရှည်သူ၊ သည်းညည်းခံသူ။ သူက လက်နက်ကိုင် တော်လှန်ရေးတို့ ဘာတို့၊ ယုံကြည်သူ မဟုတ်ပါ။ လူထုနည်း၊ အကြမ်းမဖက် နှလုံးရည်နည်းတွေကို ယုံကြည်သူပါ။

- မသိပါဘူး

- အဲသလို မလုပ်နဲ့လေ။ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတဲ့ဟာ။ ပြန်မေးမယ်။ MAX က CIA ကလား

- ကျနော် မသိပါဘူး။ CIA က ဖြစ်ရင်လည်း ဖြစ်မယ်။ ခရစ်ယာန် အသင်းတခုခုက ဖြစ်ရင်လည်း ဖြစ်မယ်

- CIA ကပါကွာ၊ မင်းသိပါတယ်

- တကယ်လို့ သူ CIA က ဖြစ်နေရင်တောင် ကျနော် သိနိုင်မှာ မဟုတ်ဘူး။ သူတို့ကို ခွဲခြားသိနိုင်တဲ့ အတတ်ပညာ ကျနော်တို့ဆီမှာ မရှိဘူး

- CIA ကလို့ ပြောကွာ

- ကျနော် တကယ် မသိလို့ပါ။ ဒါပေမယ့် ဃှုဗ က ဟုတ်မဟုတ် သိနိုင်တဲ့ နည်း တခုတော့ ရှိပါတယ်

- ဒီလိုမှပေါ့ကွ။ ပြောစမ်း၊ အဲဒီနည်းကို

- MAX ကို ဒီထောက်လှမ်းရေး ခေါ်ပြီး စစ်လိုက်ရင် ကောင်းမလားပဲ

ဟာ ... ကျနော့် အဖြေလည်းပြီးရော။ ဘာပြောကောင်းမလဲ။ ကျနော့်ကို ထရိုက်တာ။ မြန်လိုက်တာ။ ခုံပေါ်ကနေ ကျနော် ကြမ်းပြင်ပေါ်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ ကျနော်က ထိုင်နေတာတောင် ယိုင်နေတာ မဟုတ်လား။ ဆဲတာကလည်း မျိုးစုံပဲ။ ကျနော်လည်း ကြမ်းပြင်ပေါ် လဲနေတာ ပြန်မထနိုင်ဘူး။ လက်ကလည်း လက်ထိပ်နဲ့ မဟုတ်လား။ ကျနော်ကလည်း ဒီစကားမျိုး ဘာကြောင့် ပြောမိမှန်း ခုချိန်ထိ စဉ်းစားလို့ မရဘူး။

- အလကားကောင်၊ မင်းဟာ ပညာတတ်မဟုတ်ဘူး။ သောက် အလကားကောင်။ လူလိမ်။ အောက်တန်းစား၊ ကလေကချေ။ လူညစ်

ကြမ်းပြင်ပေါ် လဲနေတဲ့ ကျနော့်ကို စစ်ဖိနပ်နဲ့ သူ လှိမ့်လှိမ့် ကန်တယ်။ ဘယ်လောက် ကြာတဲ့အထိ သူ ဆက်ကန်နေတယ် မပြောတတ်ဘူး။ အကြာကြီးပဲ။ ကျနော်လည်း အင့်ခနဲ အင့်ခနဲ။ လှိမ့်ခံနေရတယ်။ ဖွဲအိတ် တအိတ်လို။ အသံထွက်ပြီးတော့တောင် ကျနော့်မှာ မအော်နိုင်ဘူး။ မလှုပ်နိုင်ဘူး။

နောက်တော့ ကျနော့်ကို ဆွဲယူပြီး ခုံပေါ်မှာ ပြန်တင်တယ်။ ကျနော်က ခုံပေါ်မှာ ငြိမ်အောင် မထိုင်နိုင်ဘဲ ယိုင်ထိုးနေတော့ သူက ကြိုးတချောင်းသွားယူပြီး ကျနော့်ကို ခုံနောက်မှီနဲ့ တွဲချည်လိုက်တယ်။ ကျနော်ကလည်း ညည်းနေတယ်။ ကျနော့်ကို သူနည်းနည်း ကရုဏာ သက်သွားလား မသိဘူး။ အေးအေးဆေးဆေး ပြန်ဖြစ်သွားတယ်။ (အမှန်ကတော့ မဟုတ်ပါဘူး။ စိတ်တိုင်းကျ လုပ်လိုက်ရတာမို့ အာသာပြေသွားတာ ဖြစ်မှာပါ)။

- လူက လုပ်ထားတာ ကြေနေပြီ။ ဒါတောင် သောက်မှတ်က မရှိဘူး။ ဟေ့ကောင်။ မင်းရဲ့ အဆင့်လေးဆင့် စီမံကိန်းကို ရေးစမ်း

ကျနော့်ကို လက်ထိပ်ဖြုတ်ပေးတယ်။ သူ အပြင်ထွက်သွားတယ်။ သူပြောတဲ့ အဆင့်လေးဆင့် စီမံကိန်းဆိုတာ ရွေးကောက်ပွဲ မတိုင်ခင် သုံးလအတွင်း အကောင်အထည် ဖော်ဖို့ပါ။ ဒါပေမယ့် လက်တွေ့ မဆောင်ရွက်ဖြစ်ခဲ့ပါဘူး။ ခုချိန်မှာ အဲဒါကို သူတို့ သိသွားလို့လည်း ကျနော်တို့ အတွက် ဘာမှ မဆုံးရှုံးပါဘူး။ ဒါပေမယ့် ကျနော့် စိတ်ထဲ နောက်ကျိနေတယ်။ စဉ်းစားတာက အဲဒီကိစ္စကို သူတို့ ဘယ်လိုလုပ် သိသွားတာလဲ။ အဆင့်လေးဆင့် ဆိုတဲ့ စကားလုံးအထိ သူတို့ ဘယ်လိုလုပ် သိသွားတာလဲ။ ဘယ်သူ ဖော်တာလဲ။ ဒါမှ မဟုတ် တနည်းနည်းနဲ့ အဲဒီ စီမံကိန်းစာရွက်တွေ သူတို့ ရ ထားလို့များလား။ ကျနော် စိတ်ဓာတ် တော်တော်ကျသွားတယ်။ ဗႀွီၤ ဗဟိုက ဘာလဲ။ သတင်းလုံခြုံမှု မရှိဘူးလား။ ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေ ဘာလို့ ပေါက် တာလဲ။ ကျနော် သံသယမျိုးစုံ ၀င်လာတယ်။

တအောင့်လောက် နေတော့ သူပြန်ဝင်လာတယ်။ ကျနော်ရေးထားတဲ့ စာရွက်တွေကို ဖတ်တယ်။ ဘာမှ ပြန်မပြောဘူး။

ကဲ၊ နောက်တခု။ အထူးကိစ္စများ စီစဉ်ဆောင်ရွက်ရေး ကော်မီတီဆိုတာ ဘာလဲ

ကျနော် လန့်သွားတယ်။ သေချာပြီ။ အဆင့်လေးဆင့် စီမံကိန်းတင် မကဘဲ ဗဟိုကို တင်ထားတဲ့ လုပ်ငန်းစဉ် အသေးစိတ် စာတမ်း သူတို့ ရထားပြီ။ အဲဒါအပြင် တခြားဘာတွေများ သူတို့ ရထားသေးလဲ။ ဘယ်လို ဖြစ်တာလဲ။ ကျနော် ငိုချင်လာတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပစ်ပယ်ခံလိုက်ရသလိုလို၊ သစ္စာအဖောက် ခံလိုက်ရသလို ခံစားရတယ်။ အားငယ်သွားတယ်။ ဘယ်လို ဗဟိုမျိုးပါလိမ့်။ ကျနော်လည်း ကျနော့်ကိုယ်ကို ကျနော် တတ်နိုင်သလောက် ထိန်းပြီး ...

- အဲဒီ ကော်မီတီက သက်သက်ပါ။ ကျနော်နဲ့ မဆိုင်ပါဘူး။ သူ့အလုပ်က စစ်ရေးနဲ့ ဆက်စပ်ပြီး ပြည်တွင်းမှာ အလျင်အမြန် ရွေ့လျား တု့န်ပြန် ဆောင်ရွက်ဖို့ အလုပ်ပါ။ ကျနော်နဲ့ တိုက်ရိုက် မသက်ဆိုင်လို့ တိတိကျကျ မသိပါဘူး

- ဟုတ်ပြီ။ အဲဒီ ကော်မီတီကို တာဝန်ယူထားတဲ့ လူကိုတော့ မင်း သိမှာပေါ့

ကျနော့်ခေါင်းထဲ အလုပ်ရှုပ်နေပြီ။ သတိထား၊ သတိထား။

- ဟုတ်ကဲ့၊ သိပါတယ်

- နာမည်ပြော

- သန်းဇော်ပါ (ဒီနာမည် ခေါင်းထဲ ဘယ်လို ပေါ်လာတာလဲ မသိဘူး။ ကျနော့်အသိထဲမှာလည်း သန်းဇော်ဆိုတာ မရှိပါဘူး။ အမှန်က အဲဒီကော်မီတီအတွက် တာဝန်ခံလည်း မရွေးချယ်ရသေးပါဘူး။)

- ဟုတ်ပြီ။ အသက်

- နှစ်ဆယ့်ငါးလောက် ရှိမယ်

- ပုံစံ ပြောစမ်း

ကျနော် အကြပ်ရိုက်သွားတယ်။ ဒါပေမယ့် တခုခု ပြောမှ ဖြစ်မယ်။

- မျက်လုံးပြူး၊ ဆံပင်ကောက်၊ နှာခေါင်းပွပွ၊ အသားညို

- အရပ်

- ငါးပေ ခြောက်လက်မလောက် ရှိမယ်ထင်တယ်

- ဘယ်မှာနေလဲ

- ကြည့်မြင်တိုင်ဘက်က ဖြစ်မယ်

- သူနဲ့ ဘယ်နှစ်ခါ တွေ့ဖူးလဲ

- ဘန်ကောက်မှာ တခါတွေ့ပြီးကတည်းက ထပ် မတွေ့တော့ဘူး

ကျနော်ပြောခဲ့တဲ့ အချက်အလက်တွေဟာ ထိုင်းနယ်စပ်က ကျနော့်အသိ တယောက်ရဲ့ ပုံကို စိတ်ကူးပြီး ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ဟေ့ကောင်၊ ၀င်းနိုင်ဦး။ မင်းပြောထားတာတွေ မင်းဟာမင်း အသေအချာ မှတ်ထားစမ်း။ အလွတ်ကျက်ထားစမ်း လို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။ နောက်တခါ ပြန်မေးလို့ အချက်အလက်တွေ လွဲရင် သေပြီ။ မင်းသေပြီ။ ဘာပဲပြောပြော ကျနော့်အဖြေကို သူ တော်တော် ကျေနပ်သွားပုံ ရတယ်။

- အခု ဒီကောင် ရန်ကုန်မှာ ရောက်နေလောက်ပြီ ထင်လား

- ထင်တာပဲ

- သူ့ အိမ်သိလား

- မသိပါဘူး

- အိုကေ

သူက အပြင်ထွက်သွားတယ်။ ပြန်ဝင်လာတော့ ကော်ဖီတခွက် ကျနော့်ကို ပေးတယ်။

- ဆေးလိပ် သောက်ချင်တယ်

- ရမယ်။ တွေ့လား။ ငါတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ငါတို့ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကိုယ့်ကိုယ်ကို သနား

လာပြန်ပြီ။ ဒီ သနားခိုင်းတဲ့ အလုပ်။ သနားတဲ့ အလုပ်က သူတို့နဲ့ လားလားမှ မဆိုင်ဘဲ ကျနော်နဲ့သာ ဆိုင်တဲ့ အလုပ် ဖြစ်နေတော့တယ်။ သူတို့ ဒီစကားလုံး သုံးသုံးနေတာ ကျနော့်မှာ တော်တော် မခံချိမခံသာ ဖြစ်နေတယ်။ အဲဒီညက တညလုံး သူက မေးခွန်းတွေ မေးတယ်။ အများစုက ထောက်လှမ်းရေး (၁၄)မှာ မေးပြီးသားတွေ။ ကျနော် ပြောနိုင်တာတွေ။ တခါမှာ သူက ...

- အောင်ဒင်ကနေ တဆင့် မင်းကိုနိုင် ကို ပေးလိုက်တဲ့ စာထဲမှာ မင်း ဘာတွေ ရေးထားလဲ

ထက်ရှနေတဲ့ ၀ါးကြောနဲ့ ကျနော့်အသားကို ပွတ်ဆွဲတာ ခံလိုက်ရသလို ကျနော် ဆတ် ခနဲ တွန့်သွားတယ်။ ဒီအကြောင်း သူတို့ ဘယ်လိုလုပ် သိတာပါလိမ့်။ တကယ်ဆို ဒါ လွယ်လွယ်နဲ့ သိနိုင်တဲ့ အရာ မဟုတ်ဘူး။ ကျနော် စဉ်းစားလို့ မရဘူး။ (အောင်ဒင်က ဗကသ ဒုဥက္ကဋ္ဌပါ။) စာကလည်း မင်းကိုနိုင် အဖမ်းမခံရခင် တလလောက်မှာ အောင်ဒင်ကို ကျနော် ပေးခဲ့တာပါ။ အခုဆိုရင် တနှစ်တောင် ကျော်နေပါပြီ။ (ထောင်ထဲ ရောက်လို့ အောင်ဒင်နဲ့ တွေ့တော့မှ ကျနော် ရှင်းသွားတယ်။ ကျနော် အစစ်ဆေးခံနေရချိန်မှာ ကျနော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိဖို့အတွက် မင်းကိုနိုင်နဲ့ အောင်ဒင်ကို ထောင်ထဲက စစ်ကြောရေး စခန်းမှာ ခေါ်ပြီး စစ်မေးခဲ့တာကိုး )။

- စာက အတိုလေးပါ။ ဘာမှလည်း အရေးကြီးတာ မဟုတ်ပါဘူး

- ဟေ့ကောင်၊ ဝေ့လည်ကြောင်ပတ် မလုပ်နဲ့။ မင်းကိုမေးတာက အရေးကြီးလား အရေးမကြီးလား မဟုတ်ဘူး။ ဘာ ရေးထားတာလဲ လို့ မေးနေတာ

- မင်းကိုနိုင်က အိန္ဒိယဘက် ထွက်မယ်ဆိုလို့ မထွက်နဲ့၊ ဒုက္ခရောက်သွားမယ်။ ဘာပဲဖြစ်ဖြစ် အထဲမှာပဲနေပါ။ မင်းရှိရမယ့် နေရာဟာ အိန္ဒိယ မဟုတ်ဘူး၊ အထဲ လို့ ကျနော်ရေးထားတာပါ။ အဲဒီတုန်းက ၁၉၈၉ခု၊ မတ်လ၊ အိန္ဒိယကနေ ပြည်တွင်းကို ကျနော် ပြန်ရောက်ကာစ။ သူ့ကို ကျနော် လှမ်းတားတာပါ

----------------------------------------------------------------------------------------

ကျနော် အရမ်းအိပ်ချင်နေပြီ။ တော်ပါတော့၊ မေးခွန်းတွေ၊ အဖြေတွေ၊ မေးခွန်းတွေ ... ။ ကျနော် ရူးချင်နေပြီ။ မနက် မိုးလင်းခါနီးပြီလား။ ဒါမှမဟုတ် နေ့ဘက်လား။ ကျနော် ဒီထောက်လှမ်းရေးကို ရောက်နေတာ ဘယ်လောက် ကြာပြီလဲ။ တရက်လား။ နှစ်ရက်လား။ ဒီတုန်းမှာပဲ ကျနော် ဗြုန်းဆို အိပ်ချင်စိတ် ပြေသွားတယ်။ ကျနော့်ဘေးက အခန်းက ဆူဆူညံညံ အသံတွေကြောင့်ပါ။ သိပ် သဲသဲကွဲကွဲတော့ မဟုတ်ပါဘူး။ ကျနော် နားစွင့်နေမိတယ်။

- ရန်ကုန် အရောက်မှာ ၀င်းနိုင်ဦး ဘာတွေ လုပ်ခဲ့လဲ။ ဒီကောင် ဘယ်သူတွေနဲ့ တွေ့သေးလဲ။ ပြောစမ်း။ ပြောစမ်း

- မသိဘူး၊ သူက ဘာမှ ပြောတာ မဟုတ်ဘူး

- ဒုန်း အူး

- အဆင့်လေးဆင့် စီမံကိန်း ပြောစမ်း

- ကျနော် အဲဒါ မသိဘူး။ သူက မပြောဘူး

- ဒုန်း အူး

ဟာ ... ဒါ ဒါ အောင်သူ့ အသံဖြစ်မယ်။ ဟုတ်တယ်။ ဒုန်း ဆိုတာက ရင်ဘတ်ကို ဒူးနဲ့ တိုက်တဲ့ အသံ၊ အူး ဆိုတာက အောင်သူ မချိမဆံ့ အော်လိုက်တဲ့ အသံ။ ကျနော့်ရင်ထဲ နာကျင်လိုက်တာ။

- ကျနော် မသိဘူး။ သူကလည်း မပြောဘူး။ ကျနော် တကယ် မသိပါဘူး

- ဒုန်း အူး ဒုန်း အူး ဒုန်း

ဒီအချိန် ကျနော် အသံကုန် ထအော်တယ်။

- ဟေ့လူတွေ၊ ရိုင်းလှချည်လား။ မတရားမလုပ်နဲ့။ ကျနော့်သူငယ်ချင်းက ဒီကိစ္စတွေ တကယ်ပဲ ဘာမှ သိတာမဟုတ်ဘူး။ လုံးဝ မသိဘူး။ တာဝန်ရှိတာ ကျုပ်။ သိတာ ကျူပ်။ ဘာလို့ မဆိုင်တဲ့ လူတွေ၊ တကယ်မသိတဲ့ လူတွေကို ဒီလောက်အထိ မတရား ညှင်းပမ်းနေတာလဲ။ ကျုပ်ကို လာလုပ်။ ခင်ဗျားတို့ ... ခင်ဗျားတို့ ...

ကျနော် ရူးသွားပြီလား။ တခန်းလုံး ကျနော့်အသံနဲ့ ပြည့်နေတယ်။ ကျနော့်အသံကလည်း ကျနော့်အသံ မဟုတ်သလိုဘဲ။ တဖက် အခန်းက အသံတွေလည်း တိတ်သွားတယ်။ ကျနော်လည်း တကိုယ်လုံး နတ်ကျသလို တုန်နေတယ်။ အတော်ကြာပြန်တော့ ဝေလင်း အသံတွေ ကြားရပြန်တယ်။ ကျနော့်အထင် ပလတ်စတစ်အိတ်နဲ့ သူ့ခေါင်းကိုစွပ်၊ ရေလောင်း၊ အသက်ရှူကြပ်၊ မွန်း၊ အသံဆိုးကြီး။ တွန့်လိမ်နေတဲ့ အသံဆိုးကြီး။ အော့ခနဲ၊ အော့ခနဲ။ ရင်ခေါင်းထဲ လည်ချောင်းထဲက မချိမဆံ့ အန်ထွက်လာတဲ့ အသံမျိုးကြီး။

- မသာတွေ၊ လူယုတ်မာတွေ

ကျနော် ထလိုက်တယ်။ ဖင်ထိုင်ခုံကို ပိတ်ကန်ထည့်ပစ်လိုက်တယ်။ စားပွဲကို တွန်းလှဲပစ်လိုက်တယ်။ ကျနော့်ရှေ့က လူက အခန်းထဲက ထွက်ပြေးတယ်။ တံခါး ပိတ်တယ်။ အဲဒီအချိန် ကျနော် ဘယ်လို ရှိနေမလဲ။ ဒဏ်ရာနဲ့ သွေးရူးသွေးတမ်း ဖြစ်နေတဲ့ တိရစ္ဆာန်လို ဖြစ်နေမယ် ထင်ပါရဲ့။ ကျနော် မျက်ရည်တွေ ကျနေတာ ပြန်သတိရမိတယ်။ ကျနော်လည်း ၀ူးဝူးဝါးဝါးနဲ့ အော်နေတာပဲ။ ဘာတွေ အော်နေမိမှန်း မသိဘူး။ တဖက်ခန်းက အသံတွေလည်း တိတ်သွားတယ်။

နောက်တော့ လူသုံးလေးယောက် ၀င်လာတယ်။ ကျနော့်ကို ၀ိုင်းချုပ်ကြတယ်။ ကြမ်းပြင်မှာ ဆွဲမှောက်ပြီး တက်ဖိထားကြတယ်။ ကျနော်က အော်နေတုန်းပဲ။ ဆေးထိုးတယ် ထင်တယ်။ ကျနော် ဘာမှန်း မသိတော့ဘူး။ အဲဒီညက ကျနော် အိပ်ရတယ်။ သို့မဟုတ် အိပ်ရတယ် လို့ ကျနော် ထင်တယ်။ ကျနော် ထုံနေပြီ။

နောက်နေ့၊ ဒါမှမဟုတ် တရက်ခြား မနက် အစောကြီးလား။ ရက်တွေ မကွဲဘူး။ ကျနော့်ကို လာနှိုးတယ်။ အခန်းတခန်းထဲ ခေါ် သွင်းသွားတယ်။ အိပ်မွေ့ချခံထားရသူ တယောက်လို ကျနော်ပါသွားတယ်။ အခန်းထဲ ရောက်တော့ အောင်သူနဲ့ ဝေလင်းကို တွေ့တယ်။ ဖမ်းပြီးကတည်းက ပထမဆုံး ပြန်တွေ့တာ။ တယောက်ကို တယောက် မရယ်မပြုံးနိုင်ကြဘဲ မျက်လုံး အသေတွေနဲ့ ကြည့်မိကြတယ်။

ကျနော်တို့ သုံးယောက်ကို စားပွဲတလုံး ရှေ့မှာ ရပ်ခိုင်းတယ်။ စားပွဲပေါ်မှာ ကျနော့်ပစ္စည်းတချို့။ ကင်မရာ၊ အသံဖမ်းကက်ဆက် အသေးလေး နှစ်လုံး။ စာရွက်စာတမ်း တချို့။ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်၊ စားပွဲခြားပြီး ရှေ့မှာ ဗွီဒီယိုကင်မရာ တလုံးနဲ့ လူတယောက်။

ဖြတ်ခနဲ ကျနော် တခု သွား သတိထားမိတယ်။ ကျနော်တို့ကို ဗွီဒီယိုရိုက်ပြီး တီဗွီကနေ သူတို့ ပြတော့မယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် တီဗွီထဲမှာ သူတို့ ပြောချင်တာတွေ တဖက်သတ် ပြောတော့မယ်။ အမှန်တချို့ကို ပြပြီး လုပ်ကြံထားတဲ့ အချက်တွေနဲ့ လိမ်ထားတော့မယ်။ ကျနော့် မျက်လုံးထဲ မြင်ယောင်လာတယ်။

တီဗွီရှေ့မှာ ထိုင်နေတဲ့ အဖေ၊ အမေ၊ ညီမလေးတွေ၊ ကျနော့်ကို ခင်မင် တန်ဖိုးထားသူတွေ။ ပြီးတော့ လောလောဆယ်မှာ ကျနော့်ဘ၀၊ ကျနော့်သွေးသားလို ဖြစ်နေတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ ... ဟင့်အင်း။ အဲဒီလို မဖြစ်ရဘူး။ မဖြစ်စေရဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်နဲ့ စိတ်ရောကိုယ်ပါ ကျနော်တို့ ဘယ်လောက်ပဲ ချုံးချုံးကျ ဖြစ်ရင် ဖြစ်ပလေ့စေ၊ ကျနော်တို့ကို မြင်တဲ့အခါ ကျနော်တို့ စိတ်ဓာတ်ကျနေတယ်၊ ထိတ်လန့်နေတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်လို့ ကျနော်တို့ကို ချစ်ခင်ယုံကြည် တန်ဖိုးထားသူတွေ အတွေး မရောက်စေချင်ဘူး။ အဲဒီလိုဆိုရင် သူတို့ စိတ်ဆင်းရဲကြလိမ့်မယ်၊ ပင်ပန်းကြလိမ့်မယ်။ စိတ်ဓာတ် ကျကြလိမ့်မယ်။ ပြီးတော့ ကျနော်တို့ရဲ့ မာန်မာနကိစ္စ။ ကျနော်တို့ကို မုန်းတီးသူတွေ၊ ရန်သူတွေက ကျနော်တို့ကို အဲဒီလိုမျိုး မြင်တာကိုလည်း ခွင့်မပြုနိုင်ဘူး။ ဒါနဲ့ ဘေးက အောင်သူကို တိုးတိုး ကပ်ပြောလိုက်တယ်။

- မျက်နှာကို တင်းထား။ တင်းနိုင်သလောက် တင်းထား

(ထင်တဲ့ အတိုင်းပဲ။ ထောင်ထဲရောက်ပြီး နောက်ပိုင်း မိသားစုတွေ ထောင်ဝင်စာ လာတွေ့ကြတော့ ကျနော်တို့ သတင်းကို ကျနော်တို့ ပုံတွေနဲ့ တီဗွီက ပြတယ်တဲ့။ မိသားစုတွေ မိတ်ဆွေတွေက ကျနော်တို့ပုံတွေ တွေ့တော့ အားရှိသွားကြသတဲ့။ ကျနော်တို့ ပုံတွေက ဘာမှ ဂရုမစိုက်တဲ့ပုံ ခပ်တင်းတင်းတဲ့။

တကယ်က ကျနော်တို့ ပုံတွေက သူတို့မြင်တာနဲ့ တခြားစီပါ။ အသားကို ထိလိုက်ရင်တောင် ပဲ့သွားတော့မလို ခံစားနာကျင်နေတာတွေ၊ မေးခွန်းမေးတဲ့ အသံ ကြားလိုက်ရင်တောင် ကြာပွတ်နဲ့ ဖြတ် အရိုက်ခံရသလို နာကျင်သွားတာတွေ၊ ဒါတွေကို တခါတခါတော့လည်း သူတို့ကို အရင်းအတိုင်း သိစေချင်သား။
ဒါပေမယ့် ]မျက်နှာတွေကသာ တင်းနေတယ်၊ ရုပ်တွေကချုံးချုံးကျ ဖြစ်နေတယ်ဆိုတာတော့ သူတို့ သိပါတယ်} တဲ့။ ဒါက ကျနော်တို့ အပြင်ပြန်ရောက်တော့မှ သူတို့ ပြန်ပြောပြတာပါ။ မှတ်မှတ်ရရ ကျနော်တို့ မိသားစုနဲ့ အဆက်အဆံ မလုပ်တာ ကြာပြီဖြစ်တဲ့ အဒေါ်တယောက်ဆိုရင် ကျနော်တို့ကို တီဗွီကနေ ပြတော့ ကျနော့်ကိုတော့ မမှတ်မိပါဘူး။ ဒါပေမယ့် နေရပ်လိပ်စာနဲ့ ကျနော့်အဖေ နာမည်ကြားပြီး ကျနော်မှန်း သိသွားတယ်။ သူက တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) အမာခံ။

တီဗွီမှာ ကျနော်တို့ပုံတွေ တွေ့ရပြီးနောက် ငါတူလေးကို သူတို့ ရက်ရက်စက်စက် လုပ်နေပြီဆိုတဲ့ အတွေးကို ဖျောက်လို့ မရဘူးတဲ့။ ဒါနဲ့ နောက်နေ့မှာ တစညကထွက်၊ ရပ်ကွက်ထဲ လည်ပြီးတော့ တစည ဆန့်ကျင်ရေး လုပ်တော့သတဲ့။ ကြောက်တတ်တဲ့ ကျနော့်အမေဆို တီဗွီမှာ ကျနော့်ကို တွေ့ပြီးနောက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမှတ်အသား ခမောက်တို့၊ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်တို့နဲ့ ဒီဇိုင်းဖော်ထားတဲ့ အင်္ကျီကိုဝတ်၊ စင်ပေါ်တက် တရားဟောသတဲ့။)

ဗွီဒီယို ရိုက်ပြီးတော့ ကျနော်တို့ကို ကားတစင်းနဲ့ ခေါ် သွားတယ်။ နောက်ပွင့် ပစ်ကပ်၊ ကားအလတ်ကလေး။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ထားတယ်။ တခြား ဌာနတခုကို ပို့ပြန်ဦးမယ် တူပါရဲ့။

ဆယ့်ငါးမိနစ်လား၊ နာရီဝက်လား၊ အဲဒီလောက် အကြာမှာတော့ ထောက်လှမ်းရေး တယောက်က ]ခေါင်းစွပ်ချွတ်လို့ ရပြီ} လို့ ပြောတယ်။ ဒါနဲ့ ခေါင်းစွပ် ချွတ်လိုက်တော့၊ ကားက တံတားတခုပေါ် ဖြတ်မောင်းနေတာ တွေ့ရတယ်။ ဘယ်နေရာ ကျနော်တို့ ရောက်နေပြီလဲ၊ မှန်း မရဘူး။

- ဘာ တံတားလဲ

ဘေးက ထောက်လှမ်းရေးကို ကျနော်မေးလိုက်တယ်။

- အင်းစိန် မီးရထား ဂုံးကျော်တံတား

အင်းစိန် ဂုံးကျော်တံတားတဲ့။ အင်းစိန်။ ဒါ ကျနော်တို့ ကျောင်းနားကပဲ။ ဘယ်တုန်းက ဒီတံတား ဆောက်လိုက်ပါလိမ့်။ ကားဘေး လက်တန်းကနေ အပြင်ကို ကျနော် ကြည့်မိတယ်။ လူတွေ၊ လူတွေ၊ ရောင်စုံလူတွေ ... ။ လူတွေကို မမြင်ရတာ ကြာပြီ။ လူတွေနဲ့ စကားမပြောရတာ ကြာပြီ။ လူမဟုတ်သူတွေ၊ လူစိတ် မရှိသူတွေ၊ လူပုံသဏ္ဍာန်နဲ့ တကယ်က လူမဟုတ်သူတွေ၊ အခွံချည့်သက်သက် လူတွေ၊ တနည်းနည်းနဲ့ အသိဥာဏ်နဲ့ စိတ်ဓာတ် ဖောက်ပြန်နေတဲ့ လူတွေ၊ အသိဥာဏ်နဲ့ စိတ်ဓာတ် သင်းကွပ်ခံထားရတဲ့ လူတွေ။ အဲဒီလူတွေပဲ တောက်လျှောက် ကျနော် တွေ့နေရတာ မဟုတ်လား။

လူတွေကို အငမ်းမရ ကျနော် လိုက်ငေးကြည့်နေမိတယ်။ တကယ့်ကို အငမ်းမရပါ။ လွတ်လပ်မှု၊ လွတ်လပ်တဲ့ အရသာ။ ကျနော့်မှာ ပျောက်ကွယ်နေပြီ ဖြစ်တဲ့အရာ။ ကျနော် စီမံ ဖန်တီး ရယူနိုင်စွမ်း မရှိတော့တဲ့ အရာ။ ကျနော် လက်လှမ်း မမီနိုင်တော့တဲ့ အရာ ... ။

ဘာကြောင့်မှန်း မသိ။ တခုခု အသံခြစ်ပြီး အော်ဟစ်ပစ်လိုက်ချင်စိတ်က လည်ချောင်းတလျှောက် ရွတက်လာသလို ခံစားရတယ်။ လူတွေကို ကျနော် နှုတ်ဆက်ချင်လိုက်တာ။

ဟဲလို။ ကျနော် ၀င်းနိုင်ဦးပါ။ ကျနော့်ဘ၀က ရိုးရိုးလေးပါ။ ဘာမှ မရှုပ်ထွေးပါဘူး။ လူ့ဘ၀နဲ့ အတွေးအခေါ် ကိစ္စ။ အရာရာ အားလုံးမှာပါ။ ရိုးရိုးလေးပါ။ ကျနော်ဟာ တက္ကသိုလ် ကျောင်းသားတယောက်။ ကျနော် တောမှာမွေး။ သား တယောက်ထဲ။ ကျနော့်အမေဆို သိပ် ချစ်စရာ ကောင်းတာပဲ။ သူ့သားကို ချစ်ဖို့ တခုပဲ အဲဒီအမျိုးသမီးကြီးက သိတာ။ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာ။ ဒါပဲ ကျနော်လိုချင်ခဲ့တာ။ ပြီးတော့ ဒါပဲ ကျနော် တောင်းဆိုခဲ့တာပါ။ ကျနော့်အတွက်တင် မဟုတ်။ ခင်ဗျားတို့ အတွက်ရောပေါ့။ အဲဒီအတွက် ဟောဒီမှာ မတရားမှု၊ မလွတ်လပ်မှု၊ အခြိမ်းခြောက်ခံရမှုနဲ့ ဂုဏ်သိက္ခာ အချိုးနှိမ်ခံရမှုကို ကျနော် ရနေပါတယ်။ ဟောဒီမှာ။ ကျနော်။ လက်ထိပ်နဲ့။ ဘေးမှာက အစောင့်နဲ့။ ကျနော့်ကို ချိန်ရွယ်ထားတဲ့ သေနတ်နဲ့။ စောစောကဆို ပိုတောင် ဆိုးသေးတယ်။ အမှောင်ပိန်းပိန်း ခေါင်းစွပ် အမည်းကြီးနဲ့။

---------------------------------------------------------------

လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ လွတ်လပ်မှု၊ ရယ်မောနေတဲ့ လွတ်လပ်မှု၊ အ၀တ်အစားအမျိုးမျိုး၊ အရောင် အမျိုးမျိုးနဲ့ လွတ်လပ်မှု။ အဲဒီ လွတ်လပ်မှုကို ကျနော် ငေးကြည့်နေမိတယ်။ ၀င်းနိုင်ဦးဆိုသူ တယောက်ကို မသိတဲ့ လွတ်လပ်မှု၊ သူတို့ရဲ့ လွတ်လပ်မှုအတွက် တောင်းဆိုလို့ မလွတ်မလပ် ဖြစ်နေသူ တယောက်အကြောင်းကို မသိတဲ့ သူတို့ရဲ့ လွတ်လပ်မှု၊ သူတို့ ရယ်မော ပျော်ရွှင်နေချိန်မှာ အဲဒီတယောက်ကတော့ လှောင်ပိတ်ထားတဲ့ အခန်းတခန်းထဲ မချိမဆံ့ နာကျင်လွန်းလို့ လူးလိမ့်အော်ဟစ် ညည်းတွားနေတာကိုလည်း မသိတဲ့ သူတို့ရဲ့ လွတ်လပ်မှု။

လွတ်လပ်မှုကို ကျနော် ငေးစိုက်နေမိတယ်။

လွမ်းသလို၊ ၀မ်းနည်းသလို။ ကျနော် တခုကောင်းကောင်း မှတ်မိတယ်။ အဲဒီအချိန်တုန်းကလောက် လူတွေအပေါ် ချစ်တဲ့ အချစ်စိတ်မျိုး၊ လူတွေကို မက်မက်မောမော လိုက်ငေးကြည့်ချင်တဲ့ အငမ်းမရစိတ်မျိုး တခါမှ ကျနော့်မှာ မပေါ်ခဲ့ဖူးဘူး ထင်တယ်။ လူတွေက ကြည့်လို့ ကောင်းလိုက်တာ။ လူတွေကို ကြည့်ရတာ အရသာ ရှိလိုက်တာ။ လှလိုက်တာ။

မကြာခင်မှာ ခြံဝင်းကြီး တခုထဲ ကားက ချိုးကွေ့ဝင်လိုက်တယ်။ ခြံဝမှာ စာတမ်းကြီး တခု။

- အင်းစိန် ဗဟို စံပြအကျဉ်းထောင်

အိုး။ စာတွေထဲမှာ ကျနော်ဖတ်ခဲ့ဖူးတဲ့ ထောင်။ အားကျဖူးတဲ့ ထောင်။ ဒါပေမယ့် ကြောက်ဖူးတဲ့ ထောင်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့ နေခဲ့ဖူးတဲ့ ထောင်။ အင်းစိန်တောရ။ ဆိတ်ဖလူးနံ့ သင်းသောညများ။ အခုတော့ တောရနဲ့ ဆိတ်ဖလူးနံ့ ညများဆီ ကျနော်ကိုယ်တိုင် ရောက်လာခဲ့ပါပြီ။

ခြံဝင်းထဲ အတော် ၀င်လာပြီးနောက် ကားက အဆောက်အဦ တခုရှေ့မှာ ထိုးရပ်လိုက်တယ်။ ထောက်လှမ်းရေး တချို့ ဆင်းသွားတယ်။ ကျနော်တို့လည်း ကားပေါ်မှာ ထိုင်စောင့်နေရတယ်။ ကားရှေ့ကို လှမ်းကြည့်လိုက်တော့ ရုတ်တရက် ကျနော် လန့်သွားတယ်။ ဒက်ရှ်ဘုတ်ပေါ်မှာ စာအုပ်ကလေး တအုပ်။ အနီရောင်။ နိုင်ငံရေး လမ်းစဉ်နှင့် ဖွဲ့စည်းပုံ၊ လျှို့ဝှက် တဲ့။ ဒါ ကျနော်ရေးခဲ့တဲ့ စာအုပ်ပဲ။ အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုကြီးမှာ ရှိရမယ့် ရည်ရွယ်ချက်၊ အကောင်အထည် ဖော်သင့်တဲ့ လုပ်ငန်းစဉ်များနဲ့ ဖွဲ့စည်း လှုပ်ရှားသင့်တဲ့ ပုံစံသစ်။ ကျနော်ရေးပြီး ဗကသ ရဲဘော်များ ဖြန့်ဝေခဲ့တဲ့ စာအုပ်။

ထောက်လှမ်းရေးတွေက အဲဒီ စာအုပ်အကြောင်း ကျနော့်ကို မမေးသေးဘူး။ စာအုပ် ကျနော် ရေးခဲ့တယ်လို့များ သိသွားရင် ... ။

- နိုင်ငံရေး လမ်းစဉ်တဲ့၊ ဖွဲ့စည်းပုံတဲ့၊ လျှို့ဝှက်တဲ့။ တောက်။ ဒီကောင်တွေ သိပ်ကြီးကျယ်တယ်။ လူပါးဝတယ်။ လွှတ်ထားပေးလို့ကတော့ကွာ

တယောက်က စာအုပ်ကို ကြည့်ရင်း ကြိတ်မနိုင်ခဲမရ လေသံနဲ့ ပြောတယ်။

- ဘာပဲ ဖြစ်ဖြစ်ပေါ့ကွာ၊ နောက်ဆုံးတော့လဲ သူတို့ရဲ့ လျှို့ဝှက်ဆိုတာကြီးလဲ တို့လက်ထဲ ရောက်လာရတာပါပဲ

နောက်တယောက်က ပြောတယ်။

အောင်သူက ကျနော့်ကို မျက်စိမှိတ်ပြတယ်။ ဝေလင်းက မဲ့ပြတယ်။ အဲဒီနောက် ကားပေါ်မှာ ငြိမ်သက်သွားကြပြန်တယ်။

- ကြည့်စမ်း၊ ကြည့်စမ်း၊ ဟိုမှာ

ထောက်လှမ်းရေး တယောက်က နောက်တယောက်ကို လက်ညှိုး ထိုးပြတယ်။ ကျနော်လည်း သူ လက်ညှိုး ထိုးပြတဲ့ နေရာ လိုက်ကြည့်မိတယ်။ ထောင်ကျ အကျဉ်းသားတွေ။ အပေါ်အောက် ထောင်ဝတ်စုံ အဖြူတွေနဲ့။ လားလား။ ခြေထောက်တွေမှာက အားလုံး သံခြေကျင်းကြီးတွေနဲ့ပါလား။ ခေါင်းပေါ်မှာက ခမောက် ကိုယ်စီနဲ့။

- ဟားဟား။ နောက်ဆုံးတော့ ခမောက်တွေ ဒီဘ၀ ရောက်သွားမှာပေါ့ကွာ

ထောက်လှမ်းရေး တယောက်က မဲ့ရွဲ့ပြီး ပြောတယ်။

သူတို့စကားအရ ဆိုရင် သူတို့ ပြောပြောနေတဲ့ တပ်မတော်က ရွေးကောက်ပွဲမှာ ကြားနေပါ့မယ်။ ပြည်သူ ရွေးကောက်လိုက်တဲ့ အစိုးရကို အာဏာလွှဲပေးမယ် ဆိုတဲ့ စကားတွေက ဘာတွေလဲ။ သူတို့ ဖြစ်စေချင်တာက ခမောက်တွေ၊ ဒီမိုကရေစီ လိုလားသူတွေကို ထောင်ထဲ ပို့ထားချင်နေတာ ဖြစ်မနေဘူးလား။ ဒီစိတ်ထားနဲ့ ရှေ့ ဘယ်လို ဆက်လုပ်ကြမလဲ။

အကျဉ်းသားအုပ်ကြီးကို ကျနော် ငေးကြည့်နေမိတယ်။ လေးငါးခြောက်ဆယ်လောက် ရှိမယ်။ သူတို့ အုပ်စုကြီး ခြေလှမ်းလိုက်တိုင်း ခြေကျင်းသံတွေက တဂျွမ်းဂျွမ်း။ ကျနော်ပဲ အားနည်းနေလို့လား။ ခြစ်ခြစ်တောက် ပူနေတဲ့ မေလ နေအောက်က ချွေးတွေ ရွှဲနစ်နေတဲ့ အကျဉ်းသားတွေကို ကြည့်ရင်း ကျနော့်ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာတယ်။ ကျနော်တို့က တိရိစ္ဆာန်တွေကို ကြိုးတွေနဲ့ချည်၊ ခြံတွေထဲ လှောင်ပိတ်။ အဲဒီ တိရိစ္ဆာန်တွေလိုပဲ ကျနော်တို့လို လူသားတွေလည်း သံခြေကျင်းတွေနဲ့ခတ်၊ လှောင်ပိတ်တာ ခံကြရ။ ဒါပေမယ့် လူတွေကို ချုပ်နှောင်နေသူတွေက လူတွေပဲ ဖြစ်နေပြန်တယ်။

နှစ်နာရီလောက် အကြာမှာတေှာြ့ ဌာနကနေ ကျနော်တို့ကား ပြန် မောင်းထွက်လာပြီး နောက်ထပ် အဆောက်အဦး တခုရှေ့ကို ရောက်သွားတယ်။ မေးကြည့်တော့ စစ်ခုံရုံးတဲ့။ စစ်ခုံရုံး။ ကျနော်တို့ကို စစ်ခုံရုံး တင်ပြီပဲ။ ဘာတွေ ဖြစ်လာဦးမလဲ။

အထဲဝင်လိုက်တော့ အဆောက်အဦက အကြီးကြီး။ အကျယ်ကြီး။ ဘေးတဘက်တချက်မှာ စစ်သားတချို့ အဆင်သင့် ရပ်နေတာ တွေ့ရတယ်။ တယောက်က ကျနော်တို့ သုံးယောက်ကို စင်မြင့်ရှေ့က ခုံတန်းတခုမှာ ထိုင်ခိုင်းတယ်။ တရားသူကြီးတွေ စင်ပေါ် တက်လာရင် မတ်တပ် ရပ်ပေးရမယ် လို့ သူက ပြောတယ်။ ကျနော်တို့လဲ ခုံတန်းပေါ်မှာ သုံးယောက် ယှဉ်ပြီး ထိုင်လိုက်ကြတယ်။

- တရားသူကြီးမင်းများ ကြွရောက်လာပါပြီ

ခဏအကြာမှာ တယောက်က အသံကုန် အော်လိုက်တယ်။ ကျနော်လည်း စိတ်လှုပ်ရှားရင်း စင်ပေါ် ကြည့်နေတယ်။

- ဒုံး ဒုံး ဒုံး

စင်ပေါ်ကို တရားသူကြီးတွေ တက်လာကြတာ။ အားလုံး သုံးယောက်။ ကြည်း၊ရေ၊လေက အရာရှိကြီးတွေ။ ယူနီဖောင်းတွေက တောက်တောက်ပြောင်ပြောင်။ ဇာတ်ထဲကလို ဟန်ပါပါနဲ့ စစ်ဖိနပ်တွေကို ဆောင့်ဆောင့်နင်းပြီး စင်ပေါ်ကို တက်လာကြတာ။ တမင် အသံမြည်အောင် ဆောင့်နင်းပုံလည်း ရတယ်။ နောက် စင်မြင့်ပေါ်က စားပွဲ အမြင့်ကြီးနောက်မှာ သူတို့ ထိုင်လိုက်ကြတည်။ သူတို့ အားလုံး မျက်နှာထားကြီးတွေ ခပ်တင်းတင်းနဲ့။ တမင် ဟန်လုပ် တင်းထားတာလို့ ကျနော့်စိတ်ထဲ ထင်နေတယ်။ သူတို့ရှေ့ စားပွဲ အမြင့်ကြီးပေါ်က ရွှေကလာပ်တခု။ ကလာပ်ထဲမှာက ရွှေရောင်အဖုံးနဲ့ စာအုပ်ကြီးတအုပ်။ ကျမ်းစာအုပ်ကြီး ဆိုတာနဲ့ တူပါရဲ့။

တရာသူကြီးတွေ ထိုင်ပြီးချိန်မှာတော့ ---ှဌာနက ပါလာတဲ့ လူတယောက်က ကျနော်တို့ သုံးယောက်အပေါ် စွဲချက် တင်ပါတော့တယ်။ ပထမဆုံး အောင်သူ၊ နောက် ဝေလင်း၊ ဘိတ်ဆုံးက ကျနော်။ စွဲချက်တွေကို ကျနော် နားထောင်နေတယ်။

ဟာ။ အောင်သူ့ စွဲချက်ကိုပဲ ဖတ်ဖတ်၊ ဝေလင်း စွဲချက်ကိုပဲ ဖတ်ဖတ်၊ ကျနော့်နာမည်ချည့်ပါလား။ ၀င်းနိုင်ဦးက၊ ၀င်းနိုင်ဦးသည်၊ ၀င်းနိုင်ဦးဟာ၊ ၀င်းနိုင်ဦးက တဆင့်၊ ၀င်းနိုင်ဦးရဲ့ မှာကြားချက်အရ၊ ၀င်းနိုင်ဦးရဲ့ ခိုင်းစေချက်အရ၊ ၀င်းနိုင်ဦး၊ ၀င်းနိုင်ဦး ... ။

ကျနော့်နာမည်တွေ တန်းစီနေတယ်။ ကိုယ့်နာမည်ကိုယ် ကြားနေရတာပဲ သည်းမခံနိုင်အောင် နားထဲ အူလာတယ်။ နားထဲ ပေါက်ကွဲမတတ် ကျယ်လောင်လွန်းတယ်။ တခန်းလုံး ကျနော့်နာမည်နဲ့ ပြည့်နေတယ်။ နာမည်ထဲမှာ လူက နစ်မြုပ်သွားသလို ခံစားရပြီး မွန်းကျပ်လာတယ်။ ဒီကောင်တွေ သက်သက် ပုံကြီးချဲ့နေတာ။ အမှု မလေး လေးအောင် လုပ်နေတာ။ သေဒဏ်များ ချမလို့လား။ မဖြစ်နိုင်ပါဘူး။ အနှစ်နှစ်ဆယ်လား။ စွဲချက်တွေကို နားထောင်ကြည့်တော့ သူတို့ စွဲချက်မှာ ကျနော် တကယ်မလုပ်ခဲ့တာ၊ မဖြစ်ခဲ့တာ၊ မပြောခဲ့တာတွေ ပါနေတယ်။ ဘာလို့ လိမ်တာလဲ။ ပြီးတော့ စွဲချက်တွေကလည်း ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက်။ ကဘောက်တိ ကဘောက်ချာ။ တချို့ အချက်တွေဆို သူတို့မို့ မရှက်တယ်။

ပြောမယ်ဆို ကျနော်တို့က တရားမျှတမှုအတွက် လုပ်တယ်။ သူတို့ကလည်း တရားမျှတမှုအတွက် လုပ်တယ်လို့ ပြောတယ်။ ပြောပါ။ ဒါဆို ဘာလို့ ကျမ်းစာအုပ်ကြီး ရှေ့မှာ မဟုတ်တမ်းတရားတွေ သူတို့ လုပ်နေရတာလဲ။ ပြောရတာလဲ။ သူတို့ ယုံကြည်တဲ့ အမှန်တရားနဲ့ တရားမျှတမှု ဆိုတာက ဘာလဲ။ သေချာတာက ဘယ်ကိစ္စမဆို သူတို့ လုပ်သလိုမျိုး ကျနော်တို့ မလုပ်ဘူး။ တရားမျှတမှုကို လိုလားပါတယ်ဆိုပြီး လူတွေကို မတရားသဖြင့် ကျနော်တို့ မယုတ်မာဘူး။ မရက်စက်ဘူး။ မညှင်းပမ်းဘူး။ အနိုင်မကျင့်ဘူး။

ကျနော်လည်း သူတို့ လုပ်ချင်တာတွေ လုပ်နေတာကို စိတ်ပျက်လက်ပျက်ကြီး ကြည့်နေမိတယ်။ စစ်ခုံရုံး အခင်းအကျင်းကို ကြည့်ပြီး ကျနော်နားလည်လိုက်တာက (တခြားလူတွေလည်း ကျနော့်လိုပဲ နေကြမှာပါ။) စစ်အစိုးရရဲ့ တရားဥပဒေဆိုတာ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မဟုတ်ဘူး။ ကိုယ့်ကို ဆန့်ကျင်သူကို ဖျက်ဆီးပစ်ဖို့ အတွက် လက်နက်သက်သက်ပဲ ဆိုတာပါ။ ဒါကို ကျနော် အရင်က သိခဲ့ပြီးသား ဆိုပေမယ့် အခုလို တရားရုံး အခင်းအကျင်းရှေ့မှာ ခံစားရတာမျိုးလောက် မလေးနက်ခဲ့ဘူး။ တကယ်တော့ တရားဥပဒေ ဆိုတာက သူတို့ ပါးစပ်ထဲမှာ ရှိနေတာ၊ သူတို့ အကျိုးစီးပွားနဲ့ သူတို့ အမုန်းတရားအောက်မှာ ရှိနေတာ မဟုတ်လား။

အဲဒီလို တဘက်သတ် စွဲချက်တင်ပြီး စစ်ခုံရုံးကို ခဏ ရပ်နားလိုက်တယ်။ ဆယ့်ငါးမိနစ်လောက် အကြာမှာ စစ်ခုံရုံး ပြန်ဖွင့်တယ်။ တရားသူကြီးတွေ စီရင်ချက် ချမယ်တဲ့။ ကျနော် နားစွင့်နေတယ်။

- စွဲချက်အရ ပြစ်မှုထင်ရှားသဖြင့် ... တရားခံ အောင်သူ၊ ဝေလင်း၊ ၀င်းနိုင်ဦးတို့အား ထောင်ဒဏ် ...

အလို။ ၁၃နှစ် တဲ့။ ကျနော့်စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တော်တော် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဒါနဲ့ အောင်သူနဲ့ ဝေလင်းဘက်ကို လှည့်ပြီး ရယ်ပြလိုက်တယ်။ သူတို့ကလည်း ကျနော့်ကို ပြန် ရယ်ပြတယ်။

အစအဆုံး စစ်ခုံရုံး နာရီဝက် ကျော်ကျော်လောက်ပဲ ကြာမယ်ထင်တယ်။ ဟုတ်တယ်။ အဲဒီလောက်ပဲ။ လူသုံးယောက်ရဲ့ ကံကြမ္မာ တခုလုံးကို စဉ်းစား ဆုံးဖြတ်ဖို့က အချိန် သိပ်မလိုပါဘူး။ နာရီဝက်ပါပဲ။

စစ်ခုံရုံး ရုတ်သိမ်းလိုက်တယ်။ နောက် ကျနော်တို့ကို တနေရာ ခေါ် သွားတယ်။ အင်းစိန်ထောင်ထဲ။ (စစ်ခုံရုံးက အင်းစိန် ထောင်ရှေ့ ကပ်လျက်မှာ ဖွင့်ထားတာပါ။) ကျနော်တို့ကို ထောင်ထဲ ပို့လိုက်ပြီပဲ။ ထောင်မှာ မှတ်ပုံတင် စာရင်းသွင်းတယ်။ ထောင်နံပါတ် ပေးတယ်။ ၀င်းနိုင်ဦး။ အကျဉ်းသား နံပါတ် ၄၀၀၁ စီ။

ထောက်လှမ်းရေးက ကျနော်တို့ကို ထောင်မှာ စာရင်းသွင်းပြီးရင် ပြန်ခေါ် သွားမယ်။ စစ်ဆေးစရာတွေ ကျန်သေးတယ် တဲ့။ ပြဿနာပဲ။ စစ်စရာ ကျန်သေးတယ်တဲ့။ (ကျန်ရင် ဘာလို့ စစ်ခုံရုံး တင်လဲ။) ဒီမှာတင် ထောင်အရာရှိတွေနဲ့ ထောက်လှမ်းရေးတွေ စကားများတော့တာပဲ။ ထောင်က လက်မခံဘူး။ စာရင်းသွင်းပြီးသား အကျဉ်းသားကို ထောင်ဥပဒေအရ အပြင်ခေါ် ထုတ်သွားခွင့် မရှိဘူးတဲ့။ ထောက်လှမ်းရေးကလည်း ခေါ်မယ်ပဲ။ နောက်ဆုံး ထောင်က မလျှော့တာနဲ့ ထောက်လှမ်းရေးတွေ စိတ်ဆိုးပြီး ဖုန်းဆက်တယ်။ အကြီးအကဲတွေဆီ။ နောက်ဆုံးတော့ ထောင်က လက်လျှော့ပြီး ကျနော်တို့ကို ထောက်လှမ်းရေးကို ပြန်ခေါ် သွားခွင့် ပေးလိုက်ရတယ်။

ဒါပေမယ့် ထောက်လှမ်းရေး လက်ထဲ ချက်ချင်း ထည့်မပေးဘဲ ထောင်အရာရှိတွေက ကျနော်တို့ သုံးယောက်ကို တနေရာ ခေါ် သွားပြီး သုံးယောက်စလုံးကို သံခြေကျင်းတွေ ခတ်ပါတော့တယ်။ ခြေကျင်းတွေက တအားလေးတာပဲ။ ဘာလို့ အခုလို ခြေကျင်းခတ်တာပါလိမ့်။

မှတ်ပုံတင်ထားပြီးတဲ့ အကျဉ်းသား တဦးဦးကို ခြေကျင်းမခတ်ဘဲ ထောင်အပြင် ခေါ် ထုတ် မသွားရဘူး ဆိုတဲ့ ထောင်ဥပဒေ ရှိတယ်။ ဒါကြောင့် ခြေကျင်းခတ်တာ တဲ့။

အမှန်ဆို ကျနော်တို့ကို ခြေကျင်းခတ်စရာ မလိုပါဘူး။ ကျနော်တို့မှာ လက်ထိပ်နဲ့၊ အနီးကပ် လက်နက်ကိုင် အစောင့်နဲ့။ ကျနော်တို့ ဘယ်လိုမှ ထွက်မပြေးနိုင်တာ သူတို့ အသိပါ။

အမှန်ကတော့ ထောက်လှမ်းရေးတွေ မောက်မာတာကို ထောင်အရာရှိတွေက မကြိုက်လို့ အခုလို ခြေကျင်းခတ်တာပါ။ ခံရတာက ကျနော်တို့။ (ဒီလိုမျိုး ထောင်ထုံးစံဖျက်ပြီး ထောင်မှာ မှတ်ပုံတင်ပြီးတော့မှ ထောက်လှမ်းရေး စခန်းကို ပြန်ခေါ် သွားတာမျိုး အဲဒီအချိန်ထိ ကျနော်တို့ ကိစ္စတခုတည်းပဲ ရှိတယ်တဲ့)။ ခြေကျင်းခတ်လိုက်တော့ စောစောကှရုံးရှေ့ ကားပေါ်က မြင်လိုက်ရတဲ့ ခြေကျင်းခတ် အကျဉ်းသားအုပ်ကြီးကို ကျနော့် မျက်လုံးထဲ ပြေးမြင်မိတယ်။ ကြည့်စမ်း။ ဘာမှ မကြာသေးဘူး။ ကျနော်တို့လည်း သူတို့လို ဖြစ်သွားပြီ။

တကယ်တော့ ကျနော်တို့ကို သံခြေကျင်း ခတ်လိုက်သူတွေ၊ သံခြေကျင်း ခတ်မိန့်ပေးသူတွေဟာ ကျနော်တို့ထက် အသိဥာဏ် ကြီးမြင့်သူတွေ၊ ကျနော်တို့ထက် ယဉ်ကျေးမှု မြင့်သူတွေ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် ဘယ်လိုနည်းနဲ့ တွက်တွက်၊ ကျနော်တို့ထက် အသိဥာဏ်အရာမှာရော၊ ယဉ်ကျေးမှု အရာမှာပါ အများကြီး နိမ့်ကျသူတွေ ဖြစ်နေတာပါ။

ဒီလိုနဲ့ ကျနော်တို့ ထောင်ထဲကနေ ပြန် ထွက်လာကြပြန်ပါရော။ ထောင်ဗူးဝက အထွက်။ ဗူးဝမှာ ထောင်ဝင်စာတွေ့ဖို့ ရောက်နေကြတဲ့ လူတွေကို တွေ့ရတယ်။ အများကြီး။ ကျနော်တို့ ထွက်လာတော့ သူတို့ ၀ိုင်းကြည့်နေကြတယ်။ ကျနော်တို့က လက်ထိပ်ရော သံခြေကျင်းကြီးတွေနဲ့ပါ ဆိုတော့ ကျနော်တို့ကို တော်တော်ဆိုးသွမ်းတဲ့ ရာဇ၀တ်ကောင်တွေ၊ ရာဇ၀င်လူဆိုးတွေလို့ ထင်နေရှာကြတယ် ထင်ပါရဲ့။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျနော်တို့ ရာဇ၀တ်ကောင် လူဆိုးတွေ မဟုတ်ရပါဘူး။ ကျနော်တို့ ကျောင်းသားတွေပါ။ ခင်ဗျားတို့ မုန်းတီးတဲ့ စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေပါ။ လွတ်လပ်မှု၊ တရားမျှတမှုကို လိုလားတောင်းဆိုလို့ အခုလို မတရား သဖြင့် အဖမ်းခံနေရသူတွေ၊ မတရားသဖြင့် အဆက်ဆံ ခံနေရသူတွေပါ။ ကျနော် အဲဒီလို ပြောပြချင်လိုက်တာ။

- ဟဲ့ ကျောင်းသားတွေတဲ့ ဟဲ့။ ကျောင်းသားတွေတဲ့

လူအုပ်ကြီးကို ဖြတ်ကျော်မိချိန်မှာတော့ အမျိုးသမီး တယောက်ရဲ့ အသံထွက်လာတာ ကြားလိုက်ရတယ်။

ကျနော် တော်တော် ပျော်သွားတယ်။ ကျနော် ဆင်းရဲ ပင်ပန်းသမျှတွေ ပျောက်သွားတယ်။ ခွန်အားတွေ ချက်ချင်း စီးဝင်လာသလိုပဲ။ နွေးလာတယ်။ လူအုပ်ကြီးဘက် နောက်ဘက် ပြန်လှည့်ပြီး ကျနော် အားရပါးရ ပြုံးပြလိုက်တယ်။ လက်ဝှေ့ယမ်းပြလိုက်တယ်။ လူအုပ်ကြီးက ကျနော်တို့ဘက် အတင်း တိုးဝှေ့လာတယ်။

ထောက်လှမ်းရေးတွေက မြန်မြန် မြန်မြန် ဆိုပြီး ကျနော်တို့ကို ကားဆီ အတင်း ဆွဲခေါ် သွားတော့တယ်။ (နောက်မှ သိရတာက ခုနက အော်လိုက်တဲ့ အမျိုးသမီးနားက ဖြတ်လာချိန်မှာ အတူပါလာတဲ့ ထောက်လှမ်းရေးအလစ်၊ အောင်သူက ]ကျနော်တို့ ကျောင်းသားတွေပါ}လို့ မသိမသာ ကပ်ပြောခဲ့တာတဲ့)။

အင်းစိန်ထောင်ကနေ ထောက်လှမ်းရေး (၆) ကို ကျနော်တို့ ပြန်ရောက်တယ်။ ကျနော်တို့ ဆက်ပြီး အစစ်ခံရတယ်။ အမှုစစ်လို့ မပြီးခင် ကျနော်တို့ကို စစ်ခုံရုံးတင်တဲ့ ကိစ္စကို နောက်မှ ကျနော် နားလည်လာတယ်။ ကျနော်တို့ကို စစ်ခုံရုံးတင်တာက မေလ (၂၅)ရက်။ နောက် နှစ်ရက်အကြာ (၂၇)ရက် ဆိုရင် ရွေးကောက်ပွဲ စပြီ။ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရက ၀ါဒ ဖြန့်ချိရေး လုပ်ချင်တယ်။ တိုင်းပြည်ကို လိမ်ချင်တယ်။ ABSDF သောင်းကျန်းသူ အဖွဲ့နဲ့ ပတ်သက်သူတွေ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အဖျက်လုပ်ငန်းတွေ လုပ်ဖို့၊ ပြည်သူတွေကို အထိတ်တလန့်တွေ ဖြစ်အောင်လုပ်ဖို့ ပြည်တွင်း ၀င်လာမှုကြီးကို ထောက်လှမ်းရေးက ကာကွယ်ပေးလိုက်နိုင်ခြင်း ပေါ့။ ဒါကြောင့် စစ်လို့ ဆေးလို့ မပြီးသေးဘဲနဲ့ ကျနော်တို့ကို စစ်ခုံရုံး တင်လိုက်တာ။

(၂၆)ရက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ကျနော်တို့ အကြောင်း အဲဒီအတိုင်း ထုတ်လွှင့်တယ်လို့ နောက်ပိုင်းမှာ သိရတယ်။ (မင်းကိုနိုင်ကို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေသူများ လို့ အဆစ် ထည့်ရေးထားလိုက်သေးတယ်။ တကယ် တတ်လည်း တတ်နိုင်တဲ့ လူတွေ။)

-----------------------------------------------------------------------

ထောက်လှမ်းရေး(၆) ပြန်ရောက်ပြီးတရက်လား၊ နှစ်ရက်လား အကြာမှ မမျှော်လင့်ဘဲ အောင်သူနဲ့ နှစ်ယောက်သား ပြန်ဆုံတယ်။ စစ်ခုံရုံးက ပြန်လာပြီးကတည်းက ကျနော့်မှာ အောင်သူ၊ ဝေလင်းနဲ့ ပတ်သက်ပြီး အမြဲလို စိတ်မချမ်းမသာ ဖြစ်နေတာ တခုရှိတယ်။ ကျနော်က သူတို့ထက် ထောင်ဒဏ် ပိုများရင်များ၊ ဒါမှမဟုတ် သူတို့က လျော့ရင်လျော့၊ ခုတော့ အဓိက တာဝန်ရှိတဲ့ ကျနော်ကလည်း ဆယ့်သုံးနှစ်။ သူတို့ကလည်း ဆယ့်သုံးနှစ် ဆိုပြီး ကျနော် စိတ်မကောင်းတာပါ။ ဒါကြောင့် ဆုံဆုံခြင်း ကျနော်က ...

- အောင်သူ၊ ဆောရီးကွာ}

အောင်သူက ...

- ဘာဖြစ်လို့လဲ}

- အောင်သူတို့ နှစ်ယောက်စလုံး ကိုယ်နဲ့ အတူတူ ထောင် ဆယ့်သုံးနှစ် ကျလို့ပါ}

- ဘယ်က ဆယ့်သုံးနှစ်လဲ

- အောင်သူ ဘာကြောင်တာလဲ။ စစ်ခုံရုံးက ကိုယ်တို့ကို ချလိုက်တဲ့ ထောင်ဒဏ်ပေါ့

- ခင်ဗျား ဘာကြောင်တာလဲ။ သုံးနှစ်ဟာကို

- အောင်သူ ကြောင်နေပြီ

ဒီအချိန်မှာပဲ ထောက်လှမ်းရေးက ကျနော်တို့ နှစ်ယောက်ကို လူခွဲလိုက်လို့ စကားပြတ်သွားတယ်။ ကျနော်လည်း အောင်သူ့ကို သနားပြီး ငေးကြည့်နေမိတယ်။ ထူးဆန်းတာက အောင်သူကလည်း ကျနော့်ကို သနားကြည့်နဲ့ ကြည့်တာပဲ။ အောင်သူ၊ အောင်သူ။

နောက် စိတ်ထဲ တမျိုးဖြစ်လာတာနဲ့ ကျနော့်ကို စစ်နေတဲ့ ထောက်လှမ်းရေးကို မေးကြည့်လိုက်တယ်။ ကျနော်တို့ကို ထောင် ဘယ်လောက် ချလိုက်တာလဲလို့။ သူကလည်း ကျနော့်ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ ပြီးတော့မှ ပြောတယ်။ သုံးနှစ် တဲ့။

ကျနော် လွတ်သွားသလိုပဲ။ (ကျနော်တို့ကို ချလိုက်တဲ့ ထောင်ဒဏ် နည်းသွားတယ်လို့ ထောက်လှမ်းရေးတွေက နောက်ပိုင်းမှာ ပြောပါတယ်။ ထောင်ဒဏ် နည်းသွားတာမှာ အဓိကကတော့ ကျနော်တို့ကို စစ်လို့ မပြီးမပြတ်သေးဘဲ စစ်ခုံရုံးကို ကမန်းကတန်း တင်လိုက်တဲ့ အချက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူတို့ကလည်း ရွေးကောက်ပွဲ မစခင် တိုင်းပြည်ကို သိပ် ၀ါဒဖြန့် ကြေညာချင်နေတာ မဟုတ်လား )။

နောက်ပိုင်း ကျနော့်ကို စစ်ဆေးမေးမြန်းရာမှာ ရိုက်နှက် ညှင်းပန်းတာ မရှိတော့ဘူး။ ညဘက် ပုံမှန်လောက် နီးနီး အိပ်ရတယ်။ ကျနော့်ကို အခန်းကျဉ်းလေး တခုမှာ ထားတယ်။ အခန်းကလည်း ကျဉ်းလွန်းလို့ တယောက်အိပ် ကုတင်တလုံး ချထားတာတောင် ဆန့်ရုံပဲ။ ကုတင်ကလည်း ပျဉ်ကြမ်းတွေကို ခပ်ကြမ်းကြမ်း ကျဲကျဲ ရိုက်ထားတာ။ အိပ်တော့ အခင်း မရှိဘူး။ ညည အိပ်ရတာ အဆင်မပြေဘူး။ သံခြေကျင်းတွေက ခြေထောက်မှာ တထွေးကြီး ဆိုတော့ သိပ် အနေရ ခက်တာပဲ။

ဒီကြားထဲ သံခြေကျင်းက ကွင်းတွေ အများကြီးဆိုတော့ ညဘက်အိပ်နေတုန်း၊ ကွင်းတကွင်းက ကုတင်ပျဉ်ပြား နှစ်ချပ်ကြားထဲ ညပ်ညပ်သွားတတ်တယ်။ အဲဒီအခါမျိုး လူက လှည့်လို့ မရတော့ဘဲ တုတ်နဲ့ ကန့်လန့်ခံထားသလို ဖြစ်ဖြစ်သွားတယ်။ ညပ်နေတဲ့ သံကွင်းတွေကို ပျဉ်ပြားကြားထဲက ခဏခဏ ပြန်ဆွဲထုတ်ရတာ ညဘက်ညဘက် အလုပ်တခု။ တခါတခါတော့လည်း ညပ်နေတဲ့ သံကွင်းတွေကို ဆွဲမထုတ်တော့ဘဲ သံခြေကျင်းကြီး (သံချေးတွေကလည်း ထူလဗျစ်နဲ့) ကို စိတ်ပျက်လက်ပျက်နဲ့ ကျနော် ထိုင်ငေးကြည့်နေတတ်တယ်။

အခန်းက ပြတင်းပေါက် မရှိဘဲ တံခါးမ တခုပဲ ရှိတယ်။ အခန်းတံခါးကို အပြင်ကနေ သော့ခတ်ပိတ်ထားပြီး တံခါးမှာ ခြောက်လက်မ ပတ်လည်လောက် ကျယ်မလား၊ အပေါက် တပေါက် ဖောက်ထားတယ်။ အပေါက်ကလေးကနေ ကြည့်လိုက်ရင် အစောင့်စစ်သားတွေ လမ်းလျှောက်နေတာ လှမ်းတွေ့ရတယ်။ အချိန်ကျရင် အဲဒီ အပေါက်ကလေးကနေ ပန်းကန်တချပ် သွင်းပေးတယ်။ ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း။ ကျနော်က သူတို့ ပေးတဲ့ ထမင်းကို မစားနိုင်ဘူး။ ထမင်းက မစားနိုင်လောက်အောင် ဆိုးလို့ မဟုတ်ပါဘူး။ ကျနော်ကိုက စားချင်စိတ် မရှိဖြစ်တာ။ ဒီလိုနဲ့ တမနက် စောစော။ ကျနော့် အခန်းတံခါး ခေါက်သံကြားပြီး ထပြီး ကြည့်တယ်။ အပေါက်ကလေးကနေ စစ်သားတယောက်က ကျနော့်ကို မျက်နှာအပ်ပြီး အမူအယာနဲ့ လှမ်းခေါ်တယ်။ ကျနော် ထသွားတော့ ပစ္စည်းတချို့ လှမ်းပေးတယ်။

အိုး။ နို့တခွက်၊ ပဲပြုတ်နံပြား၊ ကြက်ဥနှစ်လုံး။ ဘယ်လိုပါလိမ့်။ ကျနော် စိတ်ရှုပ်ထွေးသွားတယ်။ ဒီအချိန် ဘေးခန်းက အသံတသံ ထွက်လာတယ်။

- ကုန်အောင်စား။ စားချင်ချင် မစားချင်ချင်စား။ အားရှိအောင် စား

အောင်သူ၊ အောင်သူ။ အောင်သူ့ အသံ။

- ကျနော် စီစဉ်လိုက်တာ

သြော် သူငယ်ချင်း ရဲဘော်။

ဟနောက်မှ ကျနော်သိရတယ်။ အောင်သူက သူ့အခန်းကနေ ထမင်းစားပြီးလို့ အစောင့်က ပန်းကန်လာသိမ်းချိန်၊ သူ့အပေါက်ကလေးကနေ ကျနော့်ဘက် အခန်း လှမ်းလှမ်းကြည့်တဲ့ အခါ ကျနော့်အခန်းထဲက ထွက်လာတဲ့ ထမင်းပန်းကန်က ခြေရာလက်ရာ မပျက် ပြန်ပြန်ထွက်လာတယ်တဲ့။ ကျနော်နဲ့ တခါ လူချင်းတွေ့ရတုန်းကလည်း ကျနော့်ကြည့်ရတာ အခြေအနေက မဟန်ဘူး။ ဂရိုးဂယိုင်၊ မျက်တွင်းဟောက်ပက်၊ လျှော များ သွားမလား လို့တောင် ကျနော့်ကို ထင်မိတယ်တဲ့။ သူတို့ထက် ကျနော်ပိုပြီး အကြမ်းပတမ်း အကိုင်ခံရတာကိုလည်း သူတို့ သိနေတယ်။ ဒါနဲ့ စိတ်ပူတာနဲ့ ထောက်လှမ်းရေး မတွေ့လို့ ကျန်နေတဲ့ သူ့အိပ်ထဲက ပိုက်ဆံ။ ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး။ အဲဒါနဲ့ အစောင့်ကို စည်းရုံးတယ်။ ပိုက်ဆံပေးတယ်။ ဒါနဲ့ အစောင့်က အခုလို စားစရာတွေ ၀ယ်ပေးတာ။ ကျနော် အဲဒီလိုမျိုး သုံးမနက်လောက် စားလိုက်ရတယ်။]

ထောက်လှမ်းရေး(၆) မှာ ကျနော်တို့ တပတ်ထပ်နေရတယ်။ ထောင်ကို ပို့ခါနီး နှစ်ရက် သုံးရက်အလိုမှာ ကျနော့်ကို မေးခွန်းတွေ လုံးဝ မမေးတော့ဘူး။ ကျနော့် အဖြေတွေ အပေါ်မှာ အထက်လူကြီးတွေက မရှင်းရင် ပြန်မေးချင်လို့၊ ကျနော်တို့ကို ထောင်မပို့သေးတာတဲ့။

ဒီအတွင်းမှာပဲ ထောက်လှမ်းရေး ပုဂ္ဂိုလ်တယောက်က ကျနော့်ကို လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ မင်းအမြင်နဲ့ မင်းယုံကြည်တာတွေ ရေးပေးပါ။ လွတ်လွတ်လပ်လပ် ရေးပါ။ အဲဒီအတွက် အရေး မယူပါဘူး ဆိုပြီး ပြောလာတယ်။ ကျနော် စဉ်းစားတယ်။ အရေးမယူပါဘူး ဆိုတဲ့ သူတို့ ကတိစကား ကျနော် မယုံဘူး။ သူတို့ကို ကျနော် လုံးဝ စိတ်မချဘူး။ ဒါပေမယ့် ဘာလို့မှန်း မသိဘူး။ ကျနော် ရေးချင်နေတယ်။ နောက် ပြဿနာ နောက် ကြည့်ရှင်း။ ဒါနဲ့ ကျနော် ရေးတယ်။ ကျနော့်မှာ ရေးစရာတွေ အများကြီး ရှိတယ် ထင်တယ်။ ဒီတော့ လွတ်လွတ်လပ်လပ်ကို ကျနော် ရေးတယ်။

ကျနော့် ယုံကြည်ချက်က ဘာမှ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါ့အပြင် ကျနော့် ယုံကြည်ချက်မှာ သူများကို ဖျက်ဆီးပစ်ဖို့ မပါဘူး။ မတူသူတွေ၊ ဆန့်ကျင်သူတွေကို ရှင်းပစ်ဖို့ မပါဘူး။ ရက်စက်ပစ်ဖို့ မပါဘူး။ ကျနော့် ကိုယ်ကျိုးစီးပွား မပါဘူး။ လူသားချင်း အမုန်းစိတ် မပါဘူး။ ကျနော် ညှင်းပန်းနှိပ်စက် ခံထားရတဲ့ အတွက် ဆိုပြီး အညှိုး အာဃာတ ထားတာမျိုး မပါဘူး။ ဒါကြောင့် ကျနော် ယုံကြည်တဲ့ နိုင်ငံရေး အကြောင်း ကျနော် ရေးတယ်။ ပြီးတော့ ပေးလိုက်တယ်။ သူတို့က ကျနော် ရေးတာကို လက်မှတ်ထိုးခိုင်းတယ်။ ထိုးပေးလိုက်တယ်။

ဒီလိုနဲ့ တရက်မှာ ကျနော့်ကို လေးဘီးဆလွန်းကားလေး တစီးနဲ့ လာခေါ် ထုတ်တယ်။ ခေါင်းစွပ်စွပ်တယ်။ ကားကို ဟိုကွေ့မောင်း ဒီကွေ့မောင်း လုပ်တယ်။ အမှန်က ဒီဝင်း တ၀င်းထဲပါပဲ။ နောက်တော့ ကားပေါ်က ဆင်းခိုင်း၊ တယောက်က တွဲပြီး အခန်းတခန်းထဲ ထည့်၊ တယောက်ကတွဲပြီး အခန်းတခန်းထဲထည့်။ ခေါင်းစွပ်ချွတ်ပေး၊ လက်တဖက်စီကို လက်ထိပ်နှစ်ခုနဲ့ ကုလားထိုင် လက်တန်းနှစ်ခုမှာ ခတ်။ ကျနော် စိတ်ပူသွားတယ်။ အခုလို လက်ထိပ် နှစ်ခုနဲ့ တခါမှ အခတ် မခံရဖူးဘူး။ အင်း။ နောက်တကြိမ် ဇာတ်လမ်း ပြန်စပြီ ထင်ပါရဲ့။ ကျနော် ရေးပေးလိုက်တဲ့ စာရွက်စာတမ်း ကိစ္စနဲ့များ ဆိုင်နေလား။ ဒါမှမဟုတ် နောက်ထပ် ဘာပြဿနာ ပေါ်လာပြန်လဲ။ မနေနိုင်တဲ့ အဆုံး ကျနော့်ကို လက်ထိပ်ခတ်သူ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးကို မေးကြည့်တယ်။

- ကျနော့်ကို ဘာလုပ်မလို့လဲ

သူက ပြုံးပြတယ်။

- ဘာမှ မလုပ်ပါဘူး။ လူကြီးက မင်းကို တွေ့ချင်လို့

လူကြီးတဲ့။ ဘယ်သူပါလိမ့်။ ဗိုလ်ခင်ညွန့်များလား။

သုံးနာရီလောက် ကြာအောင် အဲဒီလို ထိုင်နေရတယ်။ ပြီးတော့မှ တံခါးဖွင့်သံ ကြားရတယ်။ စောစောက ဗိုလ်ကြီး။ (အရပ်ဝတ် ၀တ်ထားတော့ ဗိုလ်ကြီးဆိုတာ နောက်မှ သိရတာပါ)။

- အစီအစဉ် ပြောင်းသွားတယ်။ လူကြီး မလာတော့ဘူး။

ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ အခန်း ပြန်ပို့တယ်။

နောက်တရက်မှာတော့ ကျနော်တို့ကို အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ထောင်ထဲရောက်တော့ လက်ထိပ်ဖြုတ်၊ သံခြေကျင်းဖြုတ်၊ တိုက်နံပါတ်(၅)၊ အခန်းနံပါတ် (၄)။

--------------------------------

အဲဒီနေ့ ကျနော် အပျော်ဆုံးနေ့ပေါ့။

တကယ်ပဲ ထောက်လှမ်းရေး လက်က လွတ်ပြီ။ ငရဲခန်းက လွတ်ပြီ။ လူမဆန်မှုတွေ၊ ရိုင်းစိုင်းမှုတွေ၊ ရက်စက်မှုတွေ၊ နာကျင်မှုတွေ၊ မအိပ်ရမှုတွေ၊ ဆာလောင်မှုတွေ၊ ဒလစပ် မေးခွန်းတွေ၊ ဂယောင်ချောက်ချားတွေ၊ သံသယတွေ၊ အဖော်ကင်းမဲ့မှုတွေ၊ အားငယ်ရမှုတွေ၊ စိတ်ထိခိုက်ရမှုတွေ၊ အခြားရဲဘော်တွေရဲ့ နာနာကျင်ကျင် စူးစူးဝါးဝါး အသံကုန်ခြစ်ပြီး အော်ဟစ် ညည်းတွားလိုက်တဲ့ အသံတွေ ... ။ အားလုံးကနေ ကျနော် လွတ်ပြီ။

(ဒါပေမယ့် အဲဒီထက် ပိုမိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ထောင်ထဲက စောင့်နေတယ် ဆိုတာကိုတော့ အဲဒီတုန်းက ကျနော် မသိခဲ့ဘူးပေါ့။)

====================================

 
/* EOT ----------------------------------------- */