Sunday, January 20, 2008

သတင်းအတိုအထွာ။


(၁)

သာကေတ ဂက်စ်တာဘိုင် ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုလျက်ရှိသော ဂျပန်နိုင်ငံလုပ် ဂက်စ်တာဘိုင် တစ်လုံးမှာ စက်ချို့ယွင်းသွားခဲ့၍ ၎င်းဂျပန်ကုမ္ပဏီအား အကြောင်းကြားရာတွင် ဂျပန်ကုမ္ပဏီမှ ပေးဆပ်ရန် ကျန်ရှိနေသေးသော စက်တန်ဖိုး ကြွေးကျန်များအား ပြန်လည်ပေးဆပ်ပါက အခမဲ့ ပြုပြင်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။

၎င်းစက်အမျိုးအစားကို ဂျပန်ကုမ္ပဏီမှ Password ဖြင့် ထိန်းချုပ်ထားပြီး စက်တစ်ခုခု ချို့ယွင်းသွားပါက Lock ကျသွားသော စနစ်လည်း ဖြစ်ပါသည်။ ရောင်းချသော ၎င်းဂျပန်ကုမ္ပဏီမှ နည်းပညာကို ထိန်းချုပ်လိုခြင်းကြောင့်လည်းကောင်း၊ အကြွေးစံနစ်ဖြင့် ၀ယ်ယူသုံးစွဲသော နိုင်ငံမှ ကြွေးကျန်များအား အပြည့်အ၀ ပြန်လည်ပေးချေစေရန်လည်းကောင်း ဤကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။



သို့ရာတွင် နအဖ အာဏာပိုင်များသည် ကြွေးကျန်များအား ပြန်လည်ပေးဆပ်ရန် ကြိုးပမ်းခြင်း မရှိဘဲ ၎င်းဂျပန်ကုမ္ပဏီ၏ လုံခြုံရေး အစီအစဉ်ကို ချိုးဖောက်နိုင်ရန်အတွက် ၀န်ကြီးဌာန အသီးသီးရှိ ကျွမ်းကျင်ပညာရှင်များအား ဆင့်ခေါ်၍ ကြိုးပမ်းစေခဲ့ပါသည်။ နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ MICT တို့မှ နည်းပညာရှင်များမှ Software အမျိုးမျိုးဖြင့် Password ကို ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ တပ်မတော်မှ ကြည်း/ရေ/လေ မှ အရာရှိ ပညာရှင်ဆိုသူများမှ ထပ်မံ၍ ကြိုးစားခဲ့ကြသော်လည်း ၎င်းကုမ္ပဏီ၏ လုံခြုံရေးအစီအစဉ်ကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပါ။ ထိုကြောင့် ၎င်းတာဘိုင်စက်မှ Control Card တွင် တပ်ဆင်ထားရှိသော Electronics ပစ္စည်းများကို အစားထိုး လဲလှယ်၍ ကြိုးပမ်းကြသော်လည်း အောင်မြင်မှု မရရှိဘဲ ခဲဆော်ရာများ ဗလပွသာ ဖြစ်ကျန်နေခဲ့ပါသည်။

နောက်ဆုံးကြားသိရသည့်သတင်းမှာ မီကာဆာကုမ္ပဏီ၏ စေ့စပ်ညှိနှိုင်းမှုအရ ၎င်းဂျပန်ကုမ္ပဏီမှ လာရောက်ပြုပြင်ပေးရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်းနှင့် ၎င်းကဲ့သို့ ကုမ္ပဏီမှ ထိန်းချုပ်ထားသော လုံခြုံရေးစနစ်ကို ချိုးဖောက်ရန် ကြိုးစားခဲ့ကြောင်း သိရှိရပါက မည်သည့် ရလဒ်များ ထွက်ပေါ်လာမည်ကို ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ကြရသည့် ပညာရှင်များက စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တော်တော်များများတွင် လျှပ်စစ်မီးရရှိမှု နောက်ဆုံးအခြေအနေမှာ တစ်ရက်လျှင် ၆ နာရီခန့်သာ ရှိတော့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ တစ်ရက်လျှင် ၆ နာရီခန့်သာ ပေးသော လျှပ်စစ်မီးမှာ ရုံးချိန်အတွင်းတွင် လုံးဝ ပေးခြင်းမရှိဘဲ ညဘက်တွင်သာ ဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်စစ်မီးဖြင့် လုပ်ကိုင်ရသော၊ လောင်စာဆီဈေးနှုန်း မြင့်မားမှုကြောင့် ကိုယ်ပိုင်မီးစက်ဖြင့် မလည်ပတ်နိုင်ကြသော လုပ်ငန်းရှင်များမှ လုပ်ငန်းလည်ပတ်မှု လုံးဝနီးပါး ရပ်ဆိုင်းနေရ၍ ညည်းတွားနေကြကြောင်း သိရှိရပါသည်။

(၂)

ထို့အပြင် ရွှေဝါရောင်တော်လှန်ရေး၏ အဓိကဆုံချက်နေရာဖြစ်သော အလံပြဘုရားလမ်းမှ စတင်၍ အနော်ရထာလမ်းမတလျှောက် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းအထိ လုံးဝ ယာဉ်မရပ်နားရ စီမံချက်ကို တင်းကျပ်စွာချမှတ်ထား၍ လုံခြုံရေးအဖွဲ့၊ ယာဉ်ထိန်းရဲအဖွဲ့ အစရှိသော အင်အားအများအပြားဖြင့် စစ်ဆင်ရေးသဖွယ် စတင်ဖမ်းဆီး အရေးယူလျက်ရှိကြောင်းလည်း သိရှိရပါသည်။

ရန်ကုန်မြို့တွင် ဤကဲ့သို့ ပြည်သူလူထုအပေါ် အာဏာပိုင်များ၏ ဘက်ပေါင်းစုံမှ အငြိုးတကြီး ဖိနှိပ်မှုများသည် နောက်ထပ် အထွေထွေ အုံကြွပေါက်ကွဲမှုကြီးဆီသို့ ဦးတည်စေလျက်ရှိကြောင်း ခောတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် မျက်ချည်မပြတ်သော ရန်ကုန်မြို့ခံ ပြည်သူများမှ ခန့်မှန်းပြောဆိုလျက်ရှိကြောင်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */