ကမ္ဘာပေါ်ရှိ လူသားအားလုံး တုန်လှုပ်စရာ ဘ၀သင်္ခန်းစာ ဖြစ်စေနိုင်သည့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းကြီး၏ နိဂုံး (သို့မဟုတ်) သွေးညှီနံ့တို့သည် အားလုံးသော သူတို့၏ နှလုံးသားတွင် ယခုထက်တိုင် ထင်ကျန်နေသေးသည် ဟု မှတ်ချက်ပေးလိုက်မည် ဆိုပါက မည်သူမျှ ငြင်းဆိုကြမည် မဟုတ်ပေ။ သို့သော် တကယ်တန်း ကျူးလွန်ခဲ့သည့် လူတစ်စုကတော့ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးအုပ်ရန် ဘက်ပေါင်းစုံက ကြံစည်နေသည်ကို တွေ့ရပေသည်။ ၂၀၀၇ စက်တင်ဘာ ဖြစ်ရပ်ဆိုး၏ သမိုင်းကြောင်းကို ပြန်လည်၍ သုံးသပ်ပြရန်လည်း သိပ်လိုမည်မထင်။
အဘယ့်ကြောင့်ဆိုသော် …..
၁။ ပတ္တနိက္ကုဇ္ဇနကံဆောင်ထိုက်သည့် အစိုးရမင်းတို့၏ စရိုက်လက္ခဏာ၊
၂။ ကံဆောင်ရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်တို့ကား မည်သူဆိုသည်ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း သိထားကြပေသည်။
ထို့သို့ သိပြီးထားသည်ကို ပိုမိုပီပြင်စေရန်အတွက် အမျိုးဘာသာ သာသနာတော်ကို မြတ်နှိုးတန်ဖိုးထားတော်မူကြသည့် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ ရဟန်းသံဃာတော်များက ၂၀၀၇ ခုနှစ် စက်တင်ဘာ(၁၈) ရက်နေ့တွင် သပိတ်မှောက် ကံဆောင်လိုက်ကြပေသည်။ ကံဆောင်ခံရမည့် လူတစ်စုကို ငဲ့ညှာသောအားဖြင့် တောင်းဆိုချက် (၄) ချက်ကို မလိုက်လျှောပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည့်အကြောင်း ရှေးဦးစွာ အသိပေးခဲ့သည်ကိုလည်း အားလုံးအသိပင်။ ဆိုလိုသည်ကား “တောင်းဆိုချက်ကို လိုက်လျှောပါက ကံဆောင်မည်မဟုတ်” ဟု ဆိုလိုသည့်သဘောဖြစ်ပေသည်၊ ရဟန်းသံဃာတော်များ၏ တောင်းဆိုးချက်များကို ကြည့်ပြန်တော့လည်း တိုင်းသူပြည်သားတို့၏ နေ့စဉ်ကြုံတွေ့နေကြရသည့် အကျပ်အတည်းများကို ကိုယ်စားပြုနေပေသည်၊ စစ်အာဏာရှင်များဘက်က ကြည့်မည့်ဆိုပါကလည်း မလိုက်လျှောနိုင်စရာ အကြောင်းမရှိခဲ့ပေ၊
တိုင်းသူပြည်သားတို့ကလည်း ထုတ်ဖော်ခွင့်မရကြသည့် မိမိတို့၏ ဒုက္ခနှင့်ဆန္ဒကို တိုက်ရိုက် ကိုယ်စားပြုနေသဖြင့် ကံဆောင်သံဃာတော်တို့ကို ၀ိုင်းဝန်း၍ အားပေးထောက်ခံ ခဲ့ကြခြင်းဖြစ်ပေသည်။ သံဃာတော်များ၏ ကံဆောင်မှုကို ထောက်ခံသူနှင့် ကန့်ကွက်သူတို့အကြား ရာခိုင်နှုန်းအားဖြင့် ကြည့်ပါက ရှစ်ဆယ့်ငါးရာနှုန်းခန့်က ထောက်ခံသည်ကိုတွေ့ရပေသည်၊ ကျန်သည့် ဆယ့်ငါးရာနှုံးကသာ မိမိတို့၏ အတ္တနှင့်အကျိုးစီးပွားကို ထိခိုက်လာမည့်ဘေးမှ ကာကွယ်သည့်အနေဖြင့် ကန့်ကွက်ခဲ့ကြခြင်းဖြစ်လေသည်။ ထူးခြားသည်ကား ထောက်ခံသူများ ဘက်ကကြည့်ပြန်တော့ လက်နက်မဲ့ပြည်သူ၊ ကန့်ကွက်သူများကို ကြည့်ပြန်တော့ လက်နက်ပြည့်စုံသည့် အထက်တန်းအာဏာပိုင်များ ဖြစ်နေပြန်ပါသည်၊ မည်သို့ပင်ဆိုစေကာမူ ၂၀၀၇ စက်တင်ဘာ (၁၈)ရက် နေ့တွင် ပြည်တွင်းပြည်ပ ဘာသာသာသနာကို တန်ဖိုးထားကြသည့် ရဟန်းသံဃာတော်များ၏ ကံဆောင်ပွဲကြီးစတင်ခဲ့လေသည်၊ အကျဉ်းချုပ်ပြောရလျှင် ကံဆောင်ခံရသည့် အာဏာရှင်တစ်စုက ကိုယ့်အမှားကို ၀န်မခံသည့်အပြင် “လောကသားအားလုံး ငြိမ်းချမ်းစေရန် ရည်ရွယ်၍ လက်နက်မဲ့ မေတ္တာပို့သည့်ပွဲကို” သေစေသည့် လက်နက်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြလေသည်”။
မေတ္တာပို့သံများကို ကြားရသည့်အခါ ကောင်းချီးပေးသည့် အနေဖြင့် သာဓု ခေါ်ရမည့်အစား “ရိုက်ဟေ့ သတ်ဟေ့ ပစ်ဟေ့” စသော ကြိမ်းမောင်းဆဲဆိုသံများဖြင့် ဖုံးလွမ်းစေခဲ့သည်၊ မေတ္တာပို့သည့် သံဃာတော် အရှင်သူမြတ်တို့၏ သွားရာလမ်းကို ရှင်းလင်းပေးရမည့်အစား သံဆူးကြိုးခွေများဖြင့် တားဆီးခဲ့ကြသည်၊ ပန်းပေါက်ပေါက်တွေ ကျဲဖြန့်ကာ ကြိုဆိုရမည့်အစား ကျည်ဆံတောင့်တွေဖြင့် ပစ်ခတ်ခဲ့ကြပေသည်၊ သောကပရိဒေ၀မီး လောင်ကျွမ်းနေသူတို့အား တရားရေအေးတိုက်ကျွေးရာ ဌာနဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးလိုက်ကြရုံမျှမက ချိပ်ပိတ်ပစ်လိုက်ကြသည်၊
အာဠာဝကဆင်ကြမ်းကို လွှတ်၍ ဘုရားရှင်အား တိုက်ခိုက်ခဲ့သည့် ဒေ၀ဒတ်၏ လက်နက်ဆန်းသည် ယခုအခါ ထရပ်ကားများဖြစ်ခဲ့ကြသလို၊ ဘုရားရှင်အား ကျောက်မောင်းဆင်၍ လုပ်ကြံလိုက်သည့် ဒေ၀ဒတ်၏ လက်နက်သည် ယခုအခါ သေနတ်များအဖြစ် သရုပ်ဖော်ခဲ့ကြပေသည်။ စိဉ္ဖာမာန မိန်းမလှသည် ယခုအခါ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လာပစ်ထားသည့် အမျိုးသမီးတို့၏ အသုံးအဆောင်ပစ္စည်းများဖြစ်နေပေသည်၊ ဒေ၀ဒတ်၏ လေးသမားတို့သည် ယခုအခါ စွမ်းအားရှင်များ ကြံ့ခိုင်ရေး အသင်းဝင်များ ဘုန်းကြီးအတုများ ဖြစ်နေသည်ကို တွေ့ရပေသည်၊
ယခု ဤဆောင်းပါးကို ရေးနေသည့်အချိန်ထိပင် ဆက်လက်၍ ဖမ်းဆီးညှင်းပန်းနေကြဆဲပင် ဖြစ်လေသည်၊ ကံဆောင်သည့် ရဟန်းတော်များ၊ အပြစ်မဲ့ ကျောင်းသား ပြည်သူများ ထောင်နန်းစံနေရ၍ အချို့ဆိုလျှင် မရဏလမ်းသို့ပင် ရောက်ခဲ့ကြရပေသည်၊ ဥဒါန်းမကြေနိုင်သည့် ဖြစ်ရပ်ဆိုးတို့ကား သမိုင်းစာမျက်နာများပေါ်တွင် မှတ်ကျောက်တင်နေခဲ့ပြီတည်း။
ကမ္ဘာကြီးကလည်း ဤဖြစ်ရပ်အတွက် ယူကျုံးမရ ဖြစ်နေသည့်အချိန်မှာပင် နှစ် (၆၀) ပြည့်လွတ်လပ်ရေးနေ့တွင် ဘွဲ့တံဆိပ်တော်ဆက်ကပ်မည့် သံဃာတော်တို့၏ အမည်နာမများကို သတင်းစာများဖြင့် ကြေငြာခဲ့ကြသည်ကို တွေ့ရပြန်ပါသည်၊ ပတ္တနိက္ကုဇ္ဇနကံဆောင်ထားသည့် ကာလအတွင်း သွေးစွန်းလက်တို့ဖြင့် လှူဒါန်းလာမည့် ပစ္စည်းလာဘ်လာဘတို့ကို အလှူခံရန် သင့်မသင့်ဆိုသည်ကိုတော့ ဘွဲ့တံဆိပ် ခံယူကြမည့်ဆရာတော်များ တွေးဆဆင်ခြင်ကြရန် လိုအပ်လာပေပြီ။ အာဏာရှင်ပါးကွက်သားတို့၏ အသိအမှတ်ပြုခြင်းကို ခံယူကာ သံဃာချင်းချင်း မညီညွတ်စေသည့်သဏ္ဍာန်ကို ဖန်တီးကြမည်လော၊ သို့တည်းမဟုတ် စစ်မှန်သော သဒ္ဓါတရား ပိုင်ရှင်ဖြစ်သည့် ပြည်သူတို့ဘက်က မားမားမတ်မတ်ရပ်တည်ကာ ဘုရားရှင်ဟောတော်မူထားသည့် “ဗဟုဇန ဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေ၀မနုဿာနံ” ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ သာသနာတော်ကို ချစ်မြတ်နှိုးသည့် စိတ်ဓာတ်ဖြင့် နေထိုင်သီတင်းသုံးသွားကြမည်လော ဆိုသည်ကိုတော့ ဘွဲ့တံဆိပ်ခံယူမည့် ဆရာတော်ကြီးများကိုယ်တိုင်သာ သုံးသပ်ဆုံးဖြတ်ရပေလိမ့်မည်၊
၂၀၀၇ စက်တင်ဘာ ဖြစ်ရပ်ဆိုးတွင် အစိုးရမင်းတို့ ပကတိစိတ်နေ သဘောထားကို သိမြင်တော်မူကြ၍ အချို့သောဆရာတော်ကြီးများသည် ယခင်က အစိုးရဆက်ကပ်ထားသော ဘွဲ့တံဆိပ်များကိုပင် ပြန်အပ်တော့မည်ဟု ကြားသိနေရပါသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် ကံဆောင်ထားခြင်းခံရသော အစိုးရ၏ သို့တည်းမဟုတ် သွေးစွန်းလက်တို့ဖြင့် အပ်နှင်းလာမည့် အဆောင်ယောင်တို့ကို သာယာလိုက်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဘာသာသာသနာတော်ကြီးသည် သွေးညှီနံ့တို့ဖြင့် လှိုင်နေတော့မည်မှာ ဧကန်မလွဲဖြစ်ပေတော့မည်။ ဘွဲ့တံဆိပ်၏ နောက်ကွယ်တွင် ကပ်၍ တပါးတည်း ပါလာမည့် နည်းမျိုးစုံဖြင့် ခိုင်းစေခြင်းများကိုလည်း မလွဲမသွေ လိုက်နာရပေတော့မည်။ ငယ်စဉ်ကာလ ရဟန်းအဖြစ်ခံယူစဉ်တုံးက သိမ်အတွင်းတွင် ရွတ်ဆိုခဲ့ကြသော “နသိ ရာဇဘဋော - ငါသည် မင်းခစား မဟုတ်”ဆိုသည့် ၀န်ခံကတိသည် အဘယ်မှာလျှင် မိမိတို့၏ သဏ္ဍာန်တွင် တည်ရှိနိုင်ပါတော့မည်နည်း၊ သာသနာတော်တွင် သင်္ကန်းဝတ်ဆင်ထားပါလျက် ဘုရားရှင်ကိုယ်တိုင် တောင်းဆို ချမှတ်တော်မူခဲ့သည့် ၀ိနည်းစည်းကမ်းကို လိုက်နာကျင့်သုံးမည်ဟု ၀န်ခံကတိ ပေးပြီးကာမှ ဘာမျှ မဟုတ်သည့် အနှစ်သာရကင်းမဲ့သည့် လာဘ်လာဘများကြောင့် သီလပျက်ခံနေကြသည်မှာ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းလှပါသည်။ ပို၍စိတ်မကောင်းစရာ ဖြစ်ရသည်မှာ သက်တော် ၀ါတော်ရ ဘုန်းတော်ကြီးများဖြစ်နေပါလျက် သာသနာတော်အကျိုးကို မျက်ကွယ်ပြုကာ အစိုးရမင်းများ ခိုင်းစေသမျှကို လုပ်ပေးနေကြသည်ကလည်း အများအပြားပင်။ နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်များအဖြစ်မှ (စွမ်းအားရှင်ဘုန်းတော်ကြီးများ)ဟု ဘွဲ့တံဆိပ်ပေးခံလိုက်ရသည်ကိုလည်း ၀မ်းနည်းစရာအဖြစ် မြင်နေရ ကြားနေရပြန်ပါသည်။
ဤအကြောင်းအရာနှင့် ဆက်စပ်လာသောအခါ သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသည့် ရဟန်းသံဃာတော်များအတွက် ရည်ရွယ်၍ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာတစ်ခုကို ကောက်နှုတ်တင်ပြလိုက်ပါသည်။ ထိုသြ၀ါဒကထာမှာကား… “တာဝန်သိသူမှာ တာဝန်ရှိသည်၊ ရှိသည့်တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်လေ့ရှိသော ပုဂ္ဂိုလ်တိုင်းမှာ တာဝန်များသည် လျော့ပါး၍ မသွားပါ။ ဆောင်ရွက်ရင်း ဆောင်ရွက်ရင်း တာဝန်ဝတ္တရားများသည် ပို၍ပို၍ ရှိလာတတ်ပါသည်” ဟူ၍ပင် ဖြစ်ပေ၏။
ထေရ်ကြီးဝါကြီးတို့၏ မူမမှန်သောအပြုအမူကို ဘာသာခြားတို့ သိသွားပါကလည်း “ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် လာဘ်လာဘများကြောင့် မိမိတို့ ရဟန်းသံဃာ အချင်းချင်းပင် မညီညွတ်နိုင်၊ သူတပါးကိုသာ ညီညွတ်ရေးတရားလိုက်ဟောနေသည်” စသဖြင့် ထင်မြင်သွားမည်ဆိုပါက အဘယ်မှာလျှင် ဗုဒ္ဓဘာသာ ကမ္ဘာကို ထိုးဖောက်နိုင်တော့မည်နည်း။
၂၀၀၇ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်သည် နိုင်ငံရေးအသွင်အပြင် လက္ခဏာ ဆိုသည်ထက် ဘာသာရေးကို ထိပါးစော်ကားသည့် ဖြစ်ရပ်ဟု အမှန်ကို အမှန်အတိုင်း နှလုံးသွင်း ဆင်ခြင်ကြမည်ဆိုပါက အပ်နှင်းခံရသည့် ဘွဲ့တံဆိပ်များသည် မြန်မာပြည်သူပြည်သားတို့၏ ယုံကြည်အားကိုးရာ သာသနာတော်ကို ဖျက်ဆီးပျောက်ကွယ်စေမည့် လက်နက်များပင် ဖြစ်နေသည်ကို မြင်တော်မူကြပါလိမ့်မည်။ လှူဒါန်းဆက်ကပ်လာမည့် လက်တို့မှာလည်း သွေးစွန်းသောလက်တို့ဖြစ်နေပါသဖြင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူကြမည့် ဆရာတော်ကြီးများအား ရိုသေစွာဖြင့် အောက်ပါအတိုင်း အသိပေးလျှောက်ထားလိုပါသည် “တပေါင်းလပြည့်နေ့တွင် ဆက်ကပ်လှုဒါန်းလာမည့် ဘွဲ့တံဆိပ်တော်အလှူကို ဆရာတော်ကြီးများ လက်ခံလိုက်သောကြောင့် ဖြစ်လာမည့် ဆိုးကျိုးတို့ကို ဆင်ခြင်သုံးသပ်တော်မူကြ၍ အလှူခံသင့်သည့်ပုဂ္ဂိုလ်နှင့် အချိန်ကာလ၊ အလှူမခံသင့်သည် ပုဂ္ဂိုလ်နှင့် အချိန်ကာလတို့ကို ဆရာတော်ဘုရားတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ် တော်မူကြပါရန် လျှောက်ထားဝံ့ပါသည်ဘုရား” ။ ။
မှတ်ချက်/ တပေါင်းလပြည့်နေ့တွင် ဘွဲ့တံဆိပ်ဆက်ကပ်ပွဲသို့ တက်ရောက်ကြမည့် ဆရာတော်ကြီးများအား ရည်ရွယ်ပါသည်။
(ရေးသားသူ - စိုင်းမြတ်နွယ် (ရွှေဝါရောင်)။