Wednesday, March 19, 2008

လူထုဆန္ဒပြပွဲများကို နှိမ်နင်းချေမှုန်းရန်အတွက် နအဖ ၏ စီစဉ်ဆောင်ရွက်နေမှုများ


လက်ရှိအခြေအနေတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ အချိန်မရွေး ပြန်လည်ဖြစ်ပွား လာနိုင်သည် ဟု နအဖ က သုံးသပ်ပြီး ဖြစ်ပေါ်လာမည့် လူထုဆန္ဒပြပွဲများကို နှိမ်နှင်းချေမှုန်းရန် အတွက် တပ်၊ ရဲ၊ ကြံ့ဖွံ၊့ စွမ်းအားရှင်နှင့် အကျဉ်းဦးစီးဌာနများအား အသင့်ပြင်ဆင်ထားရှိရန် ညွှန်ကြားချက်များထုတ်ပြန်နေပြီး အောက်ပါ အခိုင်အမာပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

၁။ လုံထိန်းရဲတပ်ရင်းများအပါအ၀င် ပြည်နယ်၊ တိုင်း အသီးသီးရှိ ရဲတပ်ဖွဲ့ အားလုံးကို အသင့်ပြင်ဆင် စုဖွဲ့ထားရှိ ရန်နှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများကို သက်ဆိုင်ရာ နယ်မြေခံတပ်များနှင့် ပူးတွဲလေ့ကျင့် ထားကြရန် ကက/ကြည်း က ဖေဖေါ်ဝါရီလ(၂၀)ရက် နေ့တွင် ညွှန်ကြားခဲ့သည်။

၂။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၆) ရက်နေ့ည သန်းခေါင်ယံအချိန်မှစ၍ သတ်မှတ်ထားခဲ့သော အရေးပေါ် ကာ လ ကို ယခုအချိန် အထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိဘဲ အရေးပေါ်ကာလ အဖြစ် ဆက်လက်မှတ်ယူပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံထိန်း ရဲတပ်ရင်းများအားလုံး၊ နိုင်ငံတော် အရံအင်အားစုအားလုံး၊ တိုက်ပွဲဝင်အသင့် အနေ အထား စုဖွဲ့ ပြင်ဆင် ထားရန် ညွှန်ကြားထားသည်။

၃။ လုံထိန်း ရဲတပ်ရင်းတခုလျှင် စစ်ထွက်အင်အား (၃၀၀) ကျော်ခန့်သာ ရှိနေခဲ့ရာမှ (၅၀၀) အထိ ရှိလာစေရန် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ရုံးများမှ အင်အား တချို့ကို ထုတ်နှုတ်ပေးပို့၍ တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ် ခဲ့ သည်။

၎။ လုံထိန်း ရဲတပ်ရင်းများ ၏ နောက်တန်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ မှီခိုသူ ရဲမေများပါဝင်သော လုံခြုံ
ရေးတပ်စု၊ အရန်လုံခြုံရေးတပ်စုနှင့် အုပ်ချုပ်ထောက်ပံ့မှု အကူတပ်စုများကိုလည်း ဖွဲ့စည်း လေ့ကျင့် လျက် ရှိသည်။

၅။ လုံထိန်းရဲတပ်ရင်းများအား ထုတ်ပေးထားသော ၁၂ ဘို့ ဂရင်နာ အမျိုးအစား အဓိကရုဏ်းနှိမ်နင်းရေး ပြောင်း ချောသေနတ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံတပ်ဆင်ပေးခြင်း၊ ထုတ်ပေးထားသော (၄၀)မမ ဗုံးပစ် သေနတ်နှင့် (၃၇/၃၈) မမ ဓါတ်ငွေ့ဗုံးပစ် သေနတ်များ (37 & 38 MM Shell Guns)ကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံတပ်ဆင်ပေးခြင်း၊ ယခင်ထုတ်ပေးထားသည့် မီးခိုးဖြူလက်ပစ်ဗုံး အလုံး (၅၄၀) အပြင်ယခု ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် တပြည်လုံးရှိ လုံထိန်းရဲတပ်ရင်း (၁၆)ရင်းနှင့် ပြည်နယ် နှင့်တိုင်း ရဲတပ်ဖွဲ့များသို့ အဆိုပါ လက်ပစ်ဗုံး အမျိုးအစား အလုံးရေ (၁)သိန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံ အားဖြည့် ထုတ်ပေးခဲ့သည်။

ဇန်န၀ါရီလ(၂၉) ရက်နေ့တွင် လုံထိန်းရဲတပ်ရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၂ ဘို့ ရာဘာကျည်ဆံ တသိန်းခွဲ ကို ထပ်မံ ထုတ်ပေးခဲ့သည်။
လုံထိန်းရဲတပ်ရင်းများတွင် တပ်ဆင်ပေးထားသော ဒဿမ(၃၀၃) ရိုင်ဖယ်သေနတ်များ၊ M-16/ M-21ESifh နှင့် ဒဿမ ၃၀ ကာဘိုင်သေနတ်များတွင် တပ်ဆင်ရန်အတွက် လှံစွပ်များကိုလည်း ထပ်မံထုတ်ပေးခဲ့သည်။
လုံထိန်းရဲတပ်ရင်းများနှင့် ပြည်နယ်/တိုင်း တပ်ရင်းတပ်ဖွဲ့များနှင့် ရဲသင်တန်းကျောင်းများသို့ ပေးပို့ထားသော တုတ် (တို-ရှည်)၊ ဒိုင်း၊ လေးခွ၊ လောက်စာလုံး၊ ဂျင်ကလိ (အလုံး၊ အပြား)၊ လည်စည်း၊ ရေဗူး၊ လက်နှိပ်ဓါတ်မီး၊သံဆူးကြိုးခွေ၊ ဘယ်ရီဂိတ်၊ လိုင်းဘယ်ရီကြိုး၊ လက်ကိုင်ကျင်စက်၊ ထမ်းစင်၊ လက်ကိုင်အသံချဲ့စက်၊ လော်စပီ ကာ၊ ကင်မရာ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ဓါတ်ငွေ့ကာမျက်နှာဖုံး၊ စစ်သုံး မှန်ပြောင်း၊ လမ်းလျှောက်စကား ပြောစက်၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်နှင့် လက်နက်ခဲယမ်း ကြီးကြပ် ကန့်သတ် ပစ္စည်းများကိုလည်း လိုအပ်လျှင် ထပ်မံဖြည့်တင်းပေးနိုင်ရန်၊ အဆိုပါပစ္စည်းစာရင်းကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ နောက်ဆုံးထား၍ တင်ပြရန်လည်း ညွှန်ကြားထားသည်။

လုံထိန်းရဲတပ်ရင်းအားလုံးကို စစ်ရေးပြ(၉)မျိုး၊ အဓိကရုဏ်းနှိမ်နင်းတားဆီးရေးသင်ခန်းစာနှင့် လက်နက်ငယ် သင်ခန်းစာများကိုလည်း နေ့စဉ်လေ့ကျင့်နေရန် ညွှန်ကြားထားသည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ ရဲများကို ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့မှစ၍ (Red Hat) ဟု အမည်ပေးထားသော အဓိကရုဏ်းတားဆီးနှိမ်နင်းရေး အထူး သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

၆။ လုံထိန်းရဲတပ်ရင်းများမှ ရဲမေနှင့် မှီခိုများ၏ စားဝတ်နေရေး ဖူလုံမှုအတွက်လည်း သက်ဆိုင်ရာ ဒေသ အာ ဏာပိုင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းဆူပူအုံကြွမှုများနှင့် ပြည်ပ ကျူးကျော်မှုများကို ရင်ဆိုင်ရန် အတွက်လည်း လုံထိန်းရဲတပ်ရင်းအသီးသီးတွင် ဆန်အိတ် (၁၀၀၀) စီ အရန် သိုလှောင်ထားရန်လည်း ညွှန်ကြားထားသည်။

၇။ မိမိတို့နယ်မြေအတွင်းရှိ အချက်အခြာမြေနှင့် စစ်ဗျူဟာအရေးကြီးမြေများကို ကြိုတင်ရွေးချယ်သတ်မှတ်ထား ရန်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ရဲတပ်ဖွဲ့ဝင် အင်အား (၅၀) ဦးစီနှင်အတူ စွမ်းအားရှင်များနှင့် NGO အဖွဲ့ အစည်းများမှ မိတ်ဖက်အင်အားစုများကို အသင့်စုစည်းနေရာယူထားရန် ညွှန်ကြားထားပြီး အချက် အခြာ မြေတွင်ချထားရမည့် လူအင်အား၊ လက်နက်အင်အား အပါအ၀င် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်မည့် အစီအမံ၊ စစ်ဗျူဟာအရေးကြီးမြေအား စောင့်ကြည့်ထိန်းချုပ်ထားနိုင်မည့် အစီ အမံ နှင့်ကြိုတင်သတင်းရယူမည့် အစီ အမံ၊ အမာခံ စွမ်းအားရှင်များကို အသုံးပြုမည့်အစီအမံတို့ကို တင်ပြရန် လည်း ညွှန်ကြား ထားသည်။

၈။ ၂၀၁၀ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတ်မှတ်ဖွဲ့စည်းပုံအင်အားပြည့်မီအောာင် ဆောင်ရွက်ထားရန်
ကက/ကြည်းက ညွှန်ကြားခဲ့သဖြင့် ဇန်န၀ါရီလ (၁) ရက်နေ့မှစပြီး “မင်းသားစီမံချက်-အဆင့်(၂)” ဖြင့် လူ သစ် စုဆောင်းမှုများကို အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တလလျှင် ရဲတပ်သားသစ် (၁၀၀၀) အထိ စုဆောင်း ရရှိနိုင်ရေးအတွက် ရဲမှူးကြီးတဦးစီ ဦးဆောင်သော ရဲတပ်သားသစ်စုဆောင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရအလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများအထိ သွားရောက်ဟောပြောစည်းရုံးကြရန် ညွှန်ကြား ထားသည်။

၉။ ဆူပူအုံကြွမှုများဖြစ်ပေါ်လာပါက နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထောင်ချထားရန်အတွက် တပြည် လုံးရှိ အကျဉ်းထောင်(၃၉)ခုတွင် စံပြုအဆောင်သစ်များဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ စံပြအဆောင်များတွင် သီးသန့်အဆင့်နှင့် သာမန်သီးသန့်အဆင့် နိုင်ငံရေးအကျဉ်းသားများကို ထားရှိမည်ဖြစ်ပြီး တဦးနှင့်တဦး မမြင်၊ မတွေ့၊ မဆက်သွယ်နိုင်အောင် ပုံစံထုတ်ထားသော အခန်းငယ်များပါဝင်မည်ဟုသိရသည်။ အကျဉ်းထောင်များ၏ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းများ တိုးချဲ့ခန့်အပ်ခြင်း၊ အကျဉ်းထောင်များအနီးရှိ လူနေအိမ်များကို ပြောင်းရွှေ့ဖယ်ရှားပစ်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိသည်။

၁၀။ စွမ်းအားရှင်အမည်ခံ ကြေးစားအကြမ်းဖက်သမားများကိုလည်း အကြမ်းဖက်သင်တန်းများ၊ အဖျက်အမှောင့်
သင်တန်းများနှင့် အဓိကရုဏ်းနှိမ်နင်းရေးသင်တန်းများ ပို့ချပေးလျက်ရှိသည်။ ကက/ကြည်း၏ ညွှန်ကြားချက် အရ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှစ၍ စစ်တိုင်းနယ်မြေအလိုက် နယ်မြေခံတပ်များမှ ထုတ်နှုတ်အင်အား တချို့နှင့် ခရိုင်အသီးသီးမှ စွမ်းအားရှင်ဆိုသူများကို လုံထိန်းရဲတပ်ရင်းများက အဓိကရုဏ်း နှိမ်နင်းရေးသင်တန်း များ ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းများတွင် အကြမ်းဖက်၍ လူစုခွဲသည့်နည်းလမ်းများအပြင် လက် ရှိပြည်တွင်း ပြည်ပ နိုင်ငံရေးအခြေအနေများနှင့် နအဖ၏ ရှေ့ဆက်သွားရမည့် နိုင်ငံ ရေး လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပို့ချပေးခဲ့သည်။ အမာခံစွမ်းအာားရှင်များကို မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းနှင့်ပြည်နယ်အလိုက် စုစည်းလေ့ကျင့်ပေးထားပြီး လိုအပ်သလိုအသုံးချရန် အသင့်ပြင် ဆင်ထားသည်။

၁၁။ နအဖသည် အင်အား(၂၄)သန်းအထိ ရှိပြီးဖြစ်သည်ဆိုသော ၄င်းတို့၏ ကြံ့ဖွံ့အဖွဲ့ကို တပြည်လုံးတွင် ဆက် လက် တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့များအပါအ၀င် အစိုးရ၀န်ထမ်းအားလုံးနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ မှီခိုသူများကိုပါ အဖွဲ့ဝင်အဖြစ်လျှောက်ထားရန် အတင်းအကျပ် ခိုင်းစေလျက်ရှိသည်။ အခြေခံ ပညာ အလယ်တန်းအဆင့်များမှစ၍ ကျောင်းသားကျောင်းသူများကိုလည်း ကြံ့ဖွံ့အဖွဲ့သို့ဝင်ရန် နည်းမျိုးစုံဖြင့် ဖိ
အားပေးလျက်ရှိသည်။ မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့ အခြေခံစည်းရုံးရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

၁၂။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ရုံးတွင် ဇန်န၀ါရီလ(၃)ရက်နေ့က ပြုလုပ်ခဲ့သော ကြံ့ဖွံ့ အစည်းအဝေး၌ အနောက်ပိုင်းခရိုင် ခယက ဥက္ကဌ ဦးသန်းအောင်က “၂၀၀၇ စက်တင်္ဘာအရေးအခင်း၌ တပ်မတော်က ရှေ့မှ ဦးဆောင်နှိမ်နင်းခဲ့ရသဖြင့် နာမည်ပျက်ခဲ့ရကြောင်း၊ နောက်တကြိမ် အရေးအခင်းများ ထပ်မံဖြစ်ပွားလာလျှင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဦးဆောင်၍ လူထုအသွင်ဖြင့် ဖြေရှင်းရန် စီစဉ် ထားကြောင်း၊ ထိုကိစ္စအတွက် စွမ်းအားရှင်များ ကို မွေးမြူလေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ၏ နောက်ကွယ်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်က အသင့်ရှိနေမည်ဖြစ်ကြောင်း၊ အရေး အခင်းဖြစ်ပွားလျှင် ရဟန်းသံဃာများကို ကျောင်းအပြင်မထွက်ရန် ကြိုတင်အသိပေးထားမည်ဖြစ်ရာ လမ်းပေါ်၌တွေ့သည့် ရဟန်းသံဃာမှန်သမျှ အတုအယောင်များသာဖြစ်၍ အာားလုံးကို ရှင်းလင်း ဖယ်ရှား ပစ်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့်စွမ်းအားရှင်များ၏ လုံခြုံရေးအတွက် နိုင်ငံတော်က အပြည့်အ၀ တာဝန် ယူပေးမည်ဖြစ်၍ မိမိတို့အား ခြိမ်းခြောက်နှောက်ယှက်သူများရှိပါကသက်ဆိုင်ရာသို့ အမြန်ဆုံး အသိပေးတိုင်ကြားစေလိုကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအာားရှင်များကလည်း နိုင်ငံတော်ကပေးအပ်သည့်တာဝန်ကို ရဲရဲ ရင့်ရင့် ကျေကျေပွန်ပွန် ထမ်းဆောင်ကြစေလိုကြောင်း” ထည့်သွင်းမှာကြားသွားခဲ့ သည်။

၁၃။ နအဖက လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပပြုလုပ်ပြီး ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမည်ဟု ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါ ရီ လ (၁၂) ရက်နေ့မှစ၍ ကြံ့ဖွံ့အဖွဲ့ဝင်များက တပြည်လုံးတွင် မဲဆန္ဒရှင်စာရင်းများကို လိုက်လံကောက်ခံပြုစု လျက်ရှိသည်။

မဲဆန္ဒရှင်စာရင်းကောက်ခံရင်း ကြံ့ဖွံ့အဖွဲ့သို့ဝင်ရောက်ကြရန်နှင့် နိုင်ငံတော်လမ်းပြမြေပုံပါ နိုင်ငံ ရေးလုပ်ငန်းစဉ် များ အောင်မြင်စေရေးအတွက် ၀ိုင်းဝန်းကူညီကြရန် စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များ ၏ အင်အားစာရင်းများကိုလည်း လျှို့ဝှက်၍ တပါတည်း ပြုစု လျက် ရှိကြသည်။ ထိုလှုပ်ရှားမှု ကို မတ်လ(၃၁)ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားသည်။

၁၄။ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် (၁၅)မြို့နယ်မှ ကြံ့ဖွံ့ အင်အား (၂၀၀၀) ကျော်တက်ရောက်သည့် အစည်းအဝေးသို့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူး ချုပ် အောင်သိန်းလင်းနှင့် ရန်ကုန်တိုင်း ကြံ့ဖွံ့ တွဲဘက်အတွင်းရေးမှူး ဦးသာဝင်းတို့ကိုယ်တိုင် တက်ရောက်ကာ နအဖက ရေးဆွဲပြုစုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူလူထုက ထောက်ခံလာစေရန် ကြံ့ဖွံ့အဖွဲ့ဝင်များကိုယ်တိုင် ခေါင်းစဉ်များအလိုက် လူထုကိုချပြစည်းရုံးမှုများ စတင်ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
အခြေခံဥပဒေ မူကြမ်းအပေါ် NLD နှင့် အတိုက်အခံများ၏ နှောက်ယှက်ပြောဆိုမှုများကို ပြည်သူလူထုက နားမ၀င်အောင် စည်းရုံးကြရန်လည်း မှာကြားခဲ့သည်။

၁၅။ နအဖ၏ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ကြေငြာချက်များကို ကြိုဆိုထောက်ခံကြောင်း ပြသရန်အတွက် ကြံ့ဖွံ့ ဦး ဆောင် သည့် လူထုစုဝေးပွဲကြီးများကို မတ်လအတွင်း တပြည်လုံး၌ကျင်းပပြုလုပ်ရန်လည်း နအဖက ညွှန်ကြား ထားသည်။

၁၆။ ကြံ့ဖွံ့အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအသွင်ဆောင်သောအသင်းအဖွဲအဖြစ် ကူးပြောင်းပြီး ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ အထွေထွေ အတွင်း ရေးမှူး ဦးခင်မောင်ကြီးက ဂျာမန် (DPA) သတင်းဌာနကို ပြောဆိုခဲ့သည်။ ကြံ့ဖွံ့အ ဖွဲ့သည် ရွေး ကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန်အ တွက် ပြည်သူလူထုက လေးစားနိုင်သူများနှင့် ချမ်းသာကြွယ်ဝပြီး ဒေသခံလူထုအပေါ် သြဇာ ရှိသူများကို ကြံ့ဖွံ့အဖွဲ့ဝင် ဖြစ်လာအောင် ချဉ်းကပ် စည်းရုံးလျက်ရှိသည်။

 
/* EOT ----------------------------------------- */