Tuesday, June 10, 2008

မိုင် (၃၀၀၀) ကျော်ခရီးရှည် ချီတက်နေသော ၈၈ မျိုးဆက် ကျောင်းသားများမှ ပြည်သူလူထုသို့ ပန်ကြားချက်။


ပြည်တွင်း၊ပြည်ပရှိ ရဟန်းရှင်လူကျောင်းသားပြည်သူများခင်ဗျား။

(၁) နအဖ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ရက်စက်မှုအောက် အမိမြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး အခက်အခဲအကြပ်အတည်းများစွာကို အားလုံး ကြားသိပြီးဖြစ် ပါသည်၊ နအဖ စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်မှုနှင့် ဖိနှိပ်နေမှုများသည်လည်း ပိုမိုတိုး၍သာ လာနေသည့် အခြေအနေဖြစ်သည်၊

မေ (၉၀) ရွေးကောက်ပွဲရလာဒ်ကို ပြစ်ပယ်၍ စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ကိုအတည်ပြုနိုင်ဖို့ လိမ်လည် လှည့်စားမှု ခြိမ်းခြောက်မှုမျိုးစုံဖြင့် ဟန်ပြလူထုဆန္ဒခံယူပွဲကိုကျင်းပ၍ လူထုက အမှန်တကယ် ထောက်ခံကြောင်း အရှက်မရှိ ကြေငြာခဲ့သည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ အသက်ဆုံးရှူံးခဲ့မှုကို စာနာခြင်းကင်းမဲ့စွာ လူမဆန်စွာဖြင့် လေဘေးဒုက္ခသည်များအား အားစိုက်ကူညီကယ်တင်ရေးထက် ၎င်းတို့ အာဏာတည်မြဲရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေမှုကိုလည်း မျက်နှာပြောင်တိုက်၍ လုပ်ရဲသည်၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသည့် အတွေးအခေါ် နှင့်လုပ်ဟန်ပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများစွာမှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် ဆင်းရဲ ဒုက္ခကြီးစွာ ခံစားနေရမြဲ ဖြစ်သည်၊ ပြည်သူလူထုဘ၀မှာ တနေ့ထက်တနေ့ ကြပ်တည်း မွဲတေသော ရင်ဆိုင်မှုများဖြင့်သာ ကြုံတွေ့ နေရ သည်။

(၂) မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ပြည်သူလူထုဘ၀ သာယာအေးချမ်းရေးအတွက် တိုက်ပွဲ ၀င်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့အပါအ၀င် နိုင်ငံရေး လှူပ်ရှားနေသူ များစွာမှာလည်း စစ်အုပ်စု၏ ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံနေကြရသည်။ NLD ပါတီဝင်များ မတရား ရက်စက်အနိုင်ကျင့်မှုနည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရသည်ကိုလည်း အားလုံး ကြားသိပြီး ဖြစ်သည်၊ စက်တင်ဘာလ သံဃာတော်များ ၏သပိတ်မှောက်ကံဆောင်မှုကို အကြမ်းဖက်၍ ဖြိုခွဲခဲ့သည်မှာလည်း တကမ္ဘာလုံးအသိပင်။ စစ်အုပ်စုမှာ ၎င်းတို့ တရားဝင် ဖိနှိပ်ရက်စက် ခွင့်ရအောင် ဆက်လက်၍ ကြိုးစားနေပါဦးမည်၊ အလွယ်အကူ အလျှော့ပေးမည် မဟုတ်ပါ။

(၃) အမိမြန်မာ ပြည်သူလူထု ငြိမ်းချမ်းရေး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် စစ်အုပ်စု အုပ်ချုပ် နေသရွေ့ ဟန့်တား နှောင့်ယှက်မှုများဖြင့် ကြုံ တွေ့နေပါလိမ့်မည်၊ အကောင်အထည် ဖေါ်နိုင်မည် မဟုတ်ပါ၊ ထို့ကြောင့် စစ်အုပ်စု ကို ဖြိုဖျက်နိုင်ဖို့ ပြည်သူလူထု အားလုံး ၀ိုင်းဝန်း ဆန့်ကျင် တိုက်ပွဲဝင်မှ ရပါလိမ့်မည်၊ တိုက်ပွဲနည်းနာပေါင်းစုံဖြင့်တော်လှန်ကြရပါမည်။

မိမိတို့ (၈၈) စစ်ကြောင်းမှ ပြည်သူလူထုအားပန်ကြားလိုသည်မှာ -

-၂၀၀၈ ခုနှစ်အတွင်း စစ်အုပ်စု ဖြုတ်ချရေးတိုက်ပွဲ အရှိန်ကို တတ်နိုင်သမျှ မြှင့်တင်စေလိုပါသည်၊

- တိုက်ပွဲနည်းနာ ပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်ကြရန် တပ်လှန့်နိုးဆော်ပါသည်။

- ယခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှစ၍ ပြည်တွင်း၊ပြည်ပ ရှိမြန်မာပြည်သူများအားလုံး တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် လူထုဆန္ဒပြပွဲ ကြီးများဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ကြပါရန် ပန်ကြားလိုက်ပါသည်၊

စစ်အုပ်စု မုချကျဆုံးစေရမည်..။

၈၈ စစ်ကြောင်း

၈၈ မျိုးဆက်ကျောင်းသားများ

ရဲဘော် အေသင်

ရဲဘော် ဇော်မင်းထွေး

(ဤထုတ်ပြန်ချက်ကို ပြုစုပေးသော ဗမာပြည်လွတ်မြောက်ရေးကို လိုလားသည့် စေတနာရှင် အား အသိမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်)

 
/* EOT ----------------------------------------- */