Monday, June 23, 2008

ရေတွင်းလေးများ လှူဒါန်းကြမယ်ဆိုရင်။


















လေဘေးသင့် ဒေသများတွင် သောက်သုံးရေ အဆင်ပြေစေရန် မွန်မြတ်ကရုဏာရှင်များအဖွဲ့ က အ၀ီစိတွင်းပေါင်း တစ်ရာကျော်ကို လေးလမှ ခြောက်လအတွင်း တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဒေသများမှ ရေကန်များသည် နွံ၊ အပင်အကျိုးအပြတ်များ စသည်တို့ ကြောင့် သောက်သုံး၍ မရနိုင်တော့ကြောင်း ၊ အ၀ီစိတွင်းများမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် တုံကင်များ လွင့်ထွက်ကာ ပိုက်အတွင်းသို့ ရေငံများဝင်ရောက်နေခြင်းကြောင့် ရေအခက်အခဲများ ရှိနေကြောင်း သိရသည်။

ဘိုကလေးမြို့နယ် တ၀ိုက်ရှိ ကျေးရွာများတွင် ရေသန့်ရရှိရန် မွန်မြတ်ကရုဏာရှင်များအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကိုထွေးက - ရွာထဲက ကန်တွေကို ပြန်ဆည်တယ်၊ ၀င်နေတဲ့ ရေငန်တွေ နုန်းတွေကို စုပ်ထုတ်တယ်၊ ဆီကိုတော့ ယူနီဆက်ဖ်က ထောက်ပံ့ပါတယ်၊ အ၀ီစိတွင်းတွေကိုတော့ ရေကန်ဖော်ပေးရုံနဲ့ မလုံလောက်တဲ့ ရွာတွေ၊ လူဦးရေ ၅၀၀ အထက်ရှိတဲ့ ရွာတွေကို ဦးစားပေးပြီး တူးပေးပါတယ်၊ လေဘေးသင့်ဒေသတွေထဲမှာ ရေအရည်အသွေး အညံ့ဆုံးက လပွတ္တာ နဲ့ ဖျာပုံပါ၊ ပေ ၁၂၀ လောက်ဆို ရေထွက်ပေမဲ့ ထွက်တဲ့ရေက သောက်မရပါဘူး၊ တချို့နေရာတွေမှာ တော်တော်နက်နက်ထိ တူးလဲ ရေကောင်းမရတာတွေ ရှိတယ်။ ရေသိပ်ညံ့တဲ့နေရာတွေမှာ RO စနစ်သုံး စက်တွေတပ်ဖို့ စီစဉ်ထားပါတယ်၊စက်တွေကို ကမ္ဘာကျော်ရေသန့် ကုမ္ပဏီက ကူညီမယ်လို့ ပြောပါတယ်ဟု ရှင်းပြသည်။

အ၀ီစိတွင်းတူးခ နှုန်းထားများမှာ ပျမ်းမျှပေ ၄၀၀ တစ်တွင်းလျှင် ကိုးသိန်းနီးပါးကုန်ကျမည်ဖြစ်ပြီး အချို့နေရာများတွင် ပေ ၇၀၀ ထိတူးရမည် ဖြစ်သည်။ တွင်းတူးခ နှုန်းထားများမှာ တစ်ပေလျှင် ကျပ် ၈၀၀၊ ၁၀၀၀၊ ၁၅၀၀ အထိဈေးရှိကြောင်းသိရသည်။ အ၀ီစိတွင်း လိုအပ်နေသော ကျေးရွာပေါင်း ၅၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မွန်မြတ်ကရုဏာရှင်များ အဖွဲ့မှ အ၀ီစိတွင်း ၆ တွင်းကို လှူဒါန်းပြီးဖြစ်ကြောင်း ၊ ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့် ဘိုကလေး၀၉-၈၅-၉၅၁၁၆၊ ရန်ကုန် ၀၉-၅၁-၈၈၉၈၇၊ ၀၉-၅၀-၄၂၈၀၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 
/* EOT ----------------------------------------- */