၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်၊ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသား သပိတ်၊ ၁၉၃၈ ခုနှစ် တတိယ ကျောင်းသားသပိတ် ဆိုပြီး ကျောင်းသား တွေဟာ အမျိုးသား အရေး အတွက် ရှေ့ တန်း ကနေ မားမားမတ်မတ် ရပ်ကာ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်စွန့် တိုက်ပွဲ ၀င်ခဲ့ကြတယ်။
သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ ခေါင်းဆောင်များ ဖြစ်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း ၊ ကိုလှရွှေတို့ဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက် အဦး အတွင်းမှာ အမျိုးသား ရေး အတွက် တက်ကြွစွာနဲ့ ဦးဆောင်မှု တွေပေးခဲ့ကြတယ်။
ဒီ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦး အတွင်းမှာဘဲ တက္ကသိုလ် ကျောင်းသူ ကျောင်းသား အပေါင်းဟာ မတရားမှု တွေကို တိုက်ပွဲ ၀င် တဲ့ စိန်ခေါ် မှု တွေကို ရဲရဲ တောက် ဟစ်ကြွေးပြီးတော့ ဖိနှိပ်မှု မှန်သမျှကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တိုက်ပွဲ ၀င်ခဲ့ ကြတယ်။ ရှိသင့်ရှိထိုက် တဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေး တွေအတွက်၊ အမျိုး သားရေး တွေအတွက် တောင်းဆိုခဲ့ ကြတယ်။ ကျောင်းသား အရေး အမျိုးသားရေး အတွက် စွန့်  လွတ်အနစ်နာခံခဲ့ကြတယ်။
ဒီလို ဖြူစင်တဲ့၊ တက်ကြွတဲ့၊ ရဲရင့်တဲ့ လူငယ် ကျောင်းသူ ကျောင်းသားတို့ ရဲ့  စုစည်းရာနေရာ၊ ဆွေးနွေးတိုင်ပင်ရာနေရာ၊ တိုက်ပွဲသပိတ် ဖေါ်ဆောင်ရာ နေရာ ဘူမိနက်သန် ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ အဆောက် အဦး ဟာ သမိုင်းမှာ အထူး အရေးပါဆုံး ဖြစ်ခဲ့ပြီး အမိ မြန်မာပြည် အရေး အတွက် ဦးဆောင် လမ်းပြရာ ဌာနကြီးဖြစ်ခဲ့တယ်။
ဒီလို သမိုင်းဝင် တဲ့ ထယ်ဝါခန့် ညားတဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက် အဦးကို ပုံဖေါ်ပြရမယ်ဆိုရင် နှစ်ထပ်အဆောက် အဦးကြီး ဖြစ်ပြီး တော့၊ အောက်ထပ်မှာ ကျောင်းသားတွေအတွက် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့  ဘိလိယက် ခုံများထား ရာ အခန်းများ ရှိနေခဲ့တယ်။ အပေါ်ထပ်မှာ တော့ တောင်ဘက် အခြမ်း မှာ စာကြည့် ခန်းကြီးရှိပြီး၊ မြောက်ဖက်ခြမ်းကတော့ အခန်းကျယ် ကြီး တစ်ခန်း ရှိတယ်။ ဒီ အခန်းကျယ် ကြီးဟာ ကျောင်းသား တွေ စည်းဝေးရာ တိုင်ပင်ရာ အစည်း အဝေး ခန်းမ ကြီးဘဲ ဖြစ်တယ်။
ဒီအစည်းအဝေး ခန်းမကြီးထဲမှာ ဆိုရင် နံရံမှာကပ် ချိတ်ထားတဲ့ နီရဲသော နောက်ခံမှာ ခွပ်ဒေါင်းရုပ် ပါတဲ့ ကျောင်းသား သမဂ္ဂ ရဲ့ သမိုင်းဝင် ခွပ်ဒေါင်း အလံတော်ကြီး ရှိတယ်။
ကျောင်းသားတို့  ရဲ့ ခွပ်ဒေါင်း အလံတော် ကြီးဟာ မီးရောင် အောက်မှာ ထင်းထင်းကြီး ပေါ်လွင်နေ ပြီးတော့ အမျိုးသား အရေး အတွက် ကျောင်းသူ ကျောင်းသား အပေါင်းကို အားမာန်အပြည့် ပေးလျက်ရှိတယ်။
ဒီအစည်းအဝေး ခန်းမကြီးထဲမှာဘဲ လေးစားထိုက်တဲ့ ကျောင်းသား သမဂ္ဂ ဥက္ကဌ တွေအတွက် အင်မတန်ခန့် ငြားလှတဲ့ ကဒေါင်း ရုပ်ပုံပါ နောက်မှီအမြင့်နဲ့  တည်ငြိမ် သော အသွင်ကို ဆောင် နေတဲ့ ကုလားထိုင် ကြီးဘဲ ဖြစ်တယ်။
ကျောင်းသူ ကျောင်းသား အပေါင်း တို့ ဟာ စီစီရီရီနဲ့ ခင်းကျင်း ထားတဲ့ ခုံတန်းရှည်များ ပေါ်မှာ စည်းကမ်း သေ၀ပ်စွာနဲ့  ထိုင်လေ့ ရှိကြပြီး၊ ကျောင်းသား သမဂ္ဂ ရဲ့ ဂုဏ်ရောင် ပြောင်မြောက်မှု ကို ဦးညွတ် အလေးထား စောင့်ထိန်းလိုက်နာ ခဲ့ကြတယ်။ ဖိနှိပ်မှု မှန်သမျှ ကို တွန်းလှန်ရန် အားမာန် ယူခဲ့ကြတယ်။
ဒို့ ခေါင်းဆောင် အမြန်လွှတ်၊ ပုဒ်ထီးပုဒ်မ အလိုမရှိ စတဲ့ ကြွေးကြော်သံ တွေ၊ အစိုးရဟာ ကျွန်တော် တို့ တစ်တွေကို မတရား ဖိနှိပ်မှု ချုပ်ချယ် နေပြီ၊ ရွှေတိဂုံ ဘုရားမှာ အရိုးတွေ တောင် လို ပုံနေ မတဲ့၊ အဲ့ဒီ လို အရိုးတွေ တောင်လို ပုံ နေမယ် ဆိုရင် ကျွန်တော်တို့ ကျောင်းသားများ ရဲ့ အရိုး များဟာ အောက် ကနေ ကျရောက်နေပါစေ၊ ကျွန်တော် တို့ မလျှော့တမ်း အရေးဆို ကြရမယ်၊ တိုက်ကြ ရမယ် လို့  အားမာန် အပြည့်နဲ့ ဟောပြော မှုတွေ ဟာ သမိုင်းဝင် ကျောင်းသား သမဂ္ဂ ကို ပိုမိုအသက်ဝင် စေခဲ့တယ်။
ဒီလို အမျိုးသားအရေး၊ ကျောင်းသားအရေးတို့ အတွက် ဦးဆောင်မှုပေးရာသမိုင်းဝင် ကျောင်းသားများ သမဂ္ဂ အဆောက် အဦး ကြီးဟာ ၁၉၆၂ခုနှစ် တိုင်အောင် သမိုင်း ဂုဏ်ပြောင် မြောက်စွာတည်တံ့ခိုင်မြဲခဲ့တယ်။
ဒီ သမိုင်းဝင် ကျောင်းသားများ သမဂ္ဂ အဆောက် အဦးကြီးကနေ မွေးဖွား ပေးလိုက်တဲ့ ကျောင်း သားတို့ ရဲ့ မတရားမှန်သမျှဆန့် ကျင်ရဲတဲ့ ကျောင်းသား စိတ်ဓါတ် ဟာခေတ် အ ဆက်ဆက် တိုင်အောင် မည်သည့် အစိုးရ လက်ထက်မှာ မဆို ထာဝစဉ် ရှင်သန် နေဆဲ ဖြစ်တယ်။
တိုင်းပြည်နဲ့ လူမျိုး အတွက် သားကောင်းများ၊ ခေါင်းဆောင်ကောင်း များကို မွေးထုတ်ပေး ခဲ့တယ်။
သို့ သော်လည်း သမိုင်းဝင် ကျောင်းသား များ သမဂ္ဂ အဆောက်အဦး ကြီး ကတော့ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မှာ ပြည်သူ့ အာဏာ ကို မတရား စတင်သိမ်းယူ ခဲ့တဲ့ တော်လှန်ရေး ကောင် စီ အမည်ခံ အာဏာရှင် နေ၀င်း စစ်အုပ်စု ကြောင့် ပြိုကျ ပျက်စီးခဲ့ရတယ်။ မတရားမှု မှန်သမျှ ကို ဆန့် ကျင်ရဲတဲ့ ကျောင်းသား တွေ ကို အစပိုင်းမှာထဲက ခေါင်းမထောင် နိုင်အောင် ရက်ရက် စက်စက် နှိပ်ကွပ် ခဲ့တယ်။
သွေးဆာ နေတဲ့ အာဏာရူး နေတဲ့ နေ၀င်း အစိုးရ ဟာ အာဏာသိမ်း ပွဲဦးထွက် အနေနဲ့  ရမ်းကား မိုက်ရိုင်း ပြခဲ့တယ်။ အစဉ်အလာ ကြီးမားတဲ့ ကျောင်းသားများ သမဂ္ဂ အဆောက်အဦး ကြီးကို ပထမဆုံးပစ်မှတ် အဖြစ် သတ်မှတ် ခဲ့တယ်။ တက္ကသိုလ် ကျောင်းသား များ ရဲ့ မူလအခွင့်အရေး တွေဖြစ်တဲ့ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီမှာ ကျောင်းသား ကိုယ်စား လှယ် (သမဂ္ဂကိုယ်စားပြု ကိုယ်စားလှယ်) ပါဝင် ခွင့် ကို ရပ်စဲ ခဲ့တယ်။ ကျောင်းဆောင် အုပ်ချုပ်ရေး ကော်မီတီ နဲ့  စာဖတ်အသင်း များ မှာလည်း ကျောင်းသား ကိုယ်စားလှယ် ပါဝင် ခွင့်ကို ရပ်စဲခဲ့တယ်။ တင်းကြပ်သော ကျောင်းဆောင် စည်းကမ်း များကို ချမှတ်ခဲ့တယ်။
ဒီလို နေ၀င်း စစ်အုပ်စုရဲ့  ကျောင်းသား တွေ အပေါ်မှာ မတရား ဖိနှိပ်မှု တွေကို မနှစ်ခြိုက်တဲ့၊ အာဏာရှင် ဆန်စွာ အုပ်ချုပ်မှု ကို မလိုလားတဲ့ အမျိုးသား ကျောင်းသား အပေါင်းတို့ ဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ မှာ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်း အတွင်း အဓိပတိလမ်း မပေါ်မှာ ငြိမ်းချမ်းစွာနဲ့  စီတန်းလှည့်လည် ပြီး မတရားအမိန့် တွေကို၊ မတရား ကန့် သတ် ချက်တွေ၊ ဆုံးရှုံးနေတဲ့ ကျောင်းသား အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတယ်။
ဒီလို ငြိမ်းချမ်းစွာနဲ့  တောင်းဆို နေကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို နေ၀င်းစစ်အုပ်စုက တုန့် ပြန်ခဲ့တာ ကတော့၊ ပထမဦးဆုံး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ရဲ့ ဥက္ကဌ ကိုသက်၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုဥာဏ်ဝင်းနဲ့  တက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဥက္ကဌ ကို ဗဆွေလေး တို့ ကို ဖမ်းဆီးခဲ့တယ်။
ဒီ အပြင် ရန်ကုန် တက္ကသိုလ် ကျောင်းဝင်း အတွင်း အဓိပတိ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာနဲ့  စီတန်းလှည့်လည်နေတဲ့ ကျောင်းသူ ကျောင်းသား တွေကို သေနတ် လက်နက် တွေနဲ့  အဆက်မပြတ် ပစ်ခတ်ခဲ့တယ်။ အပြစ်မဲ့တဲ့ ကျောင်းသူ ကျောင်းသား တွေ သွေးမြေကျခဲ့ရတယ်။
သွေးဆာတဲ့ လက်နက်နဲ့ အုပ်ချုပ် လိုတဲ့ စစ်အစိုးရတို့  ထုံးစံ အတိုင်း ငြိမ်းချမ်းတဲ့ တက္ကသိုလ် ၀န်းအတွင်း ထိကို ၀င်ရောက်ပြီး၊ တက္ကသိုလ် ကျောင်းဆောင် များအပေါ် ကို ထွက်ပြေး ရောက်ရှိနေတဲ့သူ တွေနောက်ကို အညှိုးကြီး စွာနဲ့ လိုက်ပြီး ထပ်မံပြစ်ခတ် သတ်ဖြတ်ခဲ့ ပြန်တယ်။ ပြစ်ခတ်မှုကြောင့် ဒဏ်ရာရ နေတဲ့သူ တွေကို မသေမချင်း ရက်ရက်စက်စက် ထပ်ကာ ထပ်ကာ ပြစ်သတ် ခဲ့မှုဟာ လူသား မဆန် စွာ ရိုင်းစိုင်း ယုတ်မာမှုဘဲ ဖြစ်တယ်။
လူမျိုးတူ အုပ်ချုပ်သူ တို့ ရဲ့ လက်အောက်မှာ တိုင်းပြည် ရဲ့ ပညာတတ်၊ ပြည်သူ တွေရဲ့ ရင်နှစ် သည်းခြာ အနာဂတ် ကြယ်ပွင့် များဟာ ကြေမွ ပျက်စီး ခဲ့ရတယ်။ ငြိမ်းချမ်းရာ တက္ကသိုလ် ပညာ သင်ကြားရာ ဌာန ကြီးမှာ အာဏာရှင် တို့ ရဲ့ မောင်းပြန် သေနတ်သံ တွေ၊ မှောင်မိုက် နေတဲ့ ယမ်းငွေ့ တွေ ဖုံးလွမ်း နေတဲ့အပြင်၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေရဲ့  ညဉ်းညူသံ တွေ၊ ကျဆုံး သွားတဲ့ ကျောင်းသူ ကျောင်းသား တွေအတွက် ကြေကွဲ ၀မ်းနည်းစွာ နဲ့ အော်ဟစ်သံ တွေဟာ အင်မတန် မှ တုန်လှုပ် ခြောက်ခြား စေခဲ့ရတယ်။ သူတို့ တွေ အားလုံး အတွက် ယူကျုံး မရဖြစ်ခဲ့ စေခဲ့ရတယ်။ နှမြောတသ ဖြစ်စေ ခဲ့ရတယ်။ ရက်စက်လွန်းလှ တဲ့ စစ်အာဏာရှင် တွေကို တောက်ခေါက် ခံပြင်းစေခဲ့ရတယ်။ သမိုင်း မှာမေ့ ပျောက်လို့ မရတဲ့ သွေးစွန်းခဲ့ရ တဲ့ အဖြစ် အပျက် ကို ထာဝရ စွဲမြဲ စေခဲ့တယ်။ ခေတ် အဆက်ဆက် စစ်အာဏာရှင်တွေရဲ့  ဖိနှိပ် ချုပ်ချယ်မှု တွေကို တွန်းလှန် ဆန့် ကျင်စေမယ့် ၀ိ ညာဉ် တွေကို မွေးဖွား ပေါ်ပေါက် စေ ခဲ့တယ်။ ကျောင်းသား စိတ်ဓါတ် တွေကို ရှင်သန်စေခဲ့တယ်။
နေ၀င်းစစ်အုပ်စုရဲ့  ဇူလိုင်လ (ရ)ရက်နေ့  သွေးဆာစွာနဲ့  ကျောင်းသူ ကျောင်း သား တွေ ကို ပြစ်ခတ် သတ်ဖြတ်မှုဟာ မပြီးဆုံးခဲ့သေးဖူး။
နောက်နေ့  ဇူလိုင်လ (၈) ရက်နေ့  နံနက်မှာ၊ မနေ့ က ကျဆုံး သွားခဲ့တဲ့ ကျောင်းသူ ကျောင်းသား တွေအတွက် ရင်နာ မိတဲ့၊ ရက်စက် ယုတ်မာ တဲ့ စစ်အုပ်စု လက်ကိုင်တုတ် စစ်သွေးကြွ တွေကို မကျေနပ်တဲ့ ခံပြင်းတဲ့ ကျန်ရှိနေ သေးသော တက္ကသိုလ် ကျောင်းသူ ကျောင်းသား များဟာ အ စဉ် အလာ ကြီးမားတဲ့ ကျောင်းသားများ သမဂ္ဂ အဆောက် အဦးကြီးမှာ စုစည်း ခဲ့ကြတယ်။ မနေ့  က ဖြစ်ပျက် ခဲ့တဲ့ သွေးစွန်းမှု တွေကို မျက်ဝါးထင် ထင် ပါဝင်တွေ့ ရှိခဲ့တဲ့သူ တွေကို ပြန်လည် ပြောပြ ခဲ့ကြတယ်၊ ထပ်မံ တိုက်ပွဲဝင် ဖို့ အတွက် ညီညီညာညာနဲ့  ဆုံးဖြတ်ခဲ့ကြတယ်။
ဒီအချိန်မှာ သွေးဆာနေဆဲ နေ၀င်း စစ်အုပ်စု ဟာ ကျောင်းသူ ကျောင်းသား တွေကို ရန်သူသဖွယ် အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ကျောင်းသား များသမဂ္ဂ အဆောက်အဦး ကြီးကို ဒိုင်းနမိုက် တွေဆင်ပြီး ဖေါက်ခွဲ ဖျက်ဆီး လိုက်ကြတယ်။
ကျောင်းသားများ သမဂ္ဂ အဆောက် အဦး ကြီးအတွင်းမှာ မနေ့ ညထဲက သေနတ် ဒါဏ်ရာပြင်း ထန်စွာ ရထားတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဆက်လက်တိုက်ပွဲဝင်ဖို့  ဦးဆောင်ကြမယ့် သူတွေဟာ ပြင်းထန်စွာ ကြေမွ ပျက်ပြိုကျသွားတဲ့ သမဂ္ဂ အဆောက် အဦးကြီးနဲ့ အတူ ပါသွားပြီး အသက်ဆုံးရှုံး သွားခဲ့ရပြန်တယ်။
ဒီလို ကြေမွ ပျောက်ကွယ် သွားခဲ့ရတဲ့ ခေတ် အဆက်ဆက် ရဲ့ ကျောင်းသား များ သမဂ္ဂ အဆောက် အဦးကြီး၊ ရဲရင့်စွာနဲ့  ဖိနှိပ်မှုတွေကို အသက်စွန့် လွှတ် တိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၉၆၂ခုနှစ်ရဲ့  တက္ကသိုလ် ကျောင်းသူ ကျောင်းသား များရဲ့ ဂုဏ်ပြောင်မြောက် တဲ့ သမိုင်းဝင် အဖြစ် အပျက်က တော့ အမြဲ ရှင်သန်နေမှာ ဖြစ်တယ်။ ခေတ် အဆက်ဆက် မှာလည်း ကျောင်းသူ ကျောင်းသား တွေရဲ့ အသွေး အသား ထဲမှာ သူတို့ ရဲ့ဝိညာဉ် တွေဟာ ရောက်ရှိနေမှာ ဖြစ်တယ်။ မတရားတဲ့ ဖိနှိပ် ချုပ်ချယ်တဲ့ စစ်အစိုးရ တွေကို သမိုင်းပေး တာဝန် တစ်ရပ်အဖြစ်နဲ့  လက်ဆင့်ကမ်း တိုက်ပွဲဝင် နေမှာ ဖြစ်တယ် ဆိုတာ ကမ္ဘာ မြေကြီး တုန်ဟီး ရအောင် အဓိဌာန် ပြုအပ် ပေတယ်။
(၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့ နှင့် (၈)ရက်နေ့ တွင် စစ်အာဏာရှင်တို့ ရဲ့လက်ချက်နဲ့  ကျဆုံး ခဲ့ရသော နောင်တော် ကျောင်းသား အပေါင်းအား ဦး ညွတ်ဂုဏ်ပြု အပ်ပါတယ်။
(နစ်နေမန်း - ဇွန်လ (၂၂)ရက် ၊ ၂၀၀ရခုနှစ်။)