Wednesday, December 5, 2007

ကျပ် ၂၀ တန်ငွေစက္ကူများတွင် အစိုးရဆန့်ကျင်ရေးစာများ ရေးသားပြီး စစ်တွေတွင် ဖြန့် ဝေ ။



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ လူတစုမှ ကျပ်ငွေ ၂၀ တန် စက္ကူပေါ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာများ ရေးသားပြီး ဖြန့်ဝေ နေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ကြားရတာက ရဟန်းတော် အဖွဲ့ တဖွဲ့က လုပ်တယ်လို့ ကြားပါတယ်။ ဖြန့်ဝေတဲ့ ငွေစက္ကူ ၂၀ တန်တွေပါဘဲ။ တော်တော်များများ စစ်တွေတွင် ပြန့်နှံ့နေပါတယ်။ လူတွေကတော့ အစိုးရ ဆန့်ကျင်ရေး စာတွေ ပါတဲ့အတွက် သုံးတဲ့လူလည်းသုံး ၊ ကြောက်တဲ့လူတွေကလည်း လက်ဝယ် မထားရဲဘူးပေါ့။ ဒါမျိုးတွေတော့ ဖြစ်နေတယ်လို့ ကြားရပါတယ်။” ဟု အမည်မဖေါ်လိုသူ ကုန်တန်း ရပ်ကွက်က ဆိုင်ရှင် တဦးက ပြောသည်။


လက်ရှိဖြန့်ဝေနေသော ငွေစက္ကူမှာ ၂၀ ကျပ်တန်ဖြစ်ပြီး စာအား ရခိုင်လို ရေးထားကာ စာပါအ ကြောင်းအရာမှာ “ကမ္ဘာမှာ ဆဒမ်ဟူစိန်၊ ဟစ်တလာတို့ထက်ဆိုးတဲ့ လူသတ်ကောင် နအဖ စစ်အစိုးရ ကျ ဆုံးပါစေ။ ပြည်သူတွေ ကြောက်နေဖို့ အချိန် မဟုတ်တော့ဘူး။ လမ်းထွက် ဆန္ဒပြကြဖို့နဲ့ ရဲရဲတောက် တိုက်ပွဲဝင်ကြပါလို့” ရေးသားထားကြောင်း သိရှိရသည်။
အဆိုပါ စာပါ ငွေစက္ကူများမှာ စစ်တွေတွင် နိုဝင်္ဘာလလယ်ပိုင်းလောက် ကတည်းက ပြန့်နှံ့နေခြင်း ဖြစ်ပြီး စစ်ထောက်လှမ်းရေးမှ အဆိုပါ လုပ်ရပ်အား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို သိရှိလိုသဖြင့် သဲလွန်စ များကို အနှံ့ခံလိုက်နေကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခြင်း၊ ငွေစက္ကူများတွင် ရေးသားခြင်းနှင့် အရေးကြီး သောနေရာများတွင် ချိတ်ဆွဲထားခြင်းများကြောင့် နောက်ထပ် တကြိမ် စစ်တွေတွင် ဆန္ဒပြမည်ကို စိုးရိမ်သဖြင့် နအဖ စစ်အာဏာပိုင်များက စစ်တွေတွင် လုံခြုံရေးကို ရုတ်သိမ်းခြင်း မရှိဘဲ ဆက်လက် တိုးချဲ့ ချထား ကြောင်းသတင်းရရှိသည်။
(သတင်း - နိရဉ္စရာ)။

 
/* EOT ----------------------------------------- */