Wednesday, December 5, 2007

လူထုဒေါ်အမာ မွေးနေ့မှာ ကဗျာရွတ်ပွဲ ဆင်နွှဲခဲ့ကြသော ကဗျာဆရာအုပ်စုတစ်စုမှ တစ်ဦး အဖမ်းခံရ။

အသက်(၉၂)နှစ်ပြည့် လူထုဒေါ်အမာမွေးနေ့ပွဲမှာ အောင်ဝေး ရဲ့ ကဗျာစာရွက်မိတ္တူများကို တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့် ဝေငှခဲ့သော နာမည်ကြီး ကဗျာဆရာမှာ ယခုအခါ ဖမ်းဆီးခံလိုက်ရပြီဟု နအဖ ထောက်လှမ်းရေး တစ်ဦးထံမှ သတင်း အတိအကျ ရရှိပါသည်။

(ထိုကဗျာဆရာ၏ အမည်မှာ စနေနံနှင့် စပြီး ဗုဒ္ဓဟူးနံနှင့် ဆုံးသော နာမည်သုံးလုံးပါ ကဗျာဆရာဖြစ်သည်။ ကလောင်အမည်ရင်းကို မဖော်ပြရခြင်းမှာ သူ၏ ကလောင်ရှေ့ရေးကို ငဲ့ကွက်သောအားဖြင့် ဖြစ်ပါသည်။)

စစ်အဆိုးရ၏ မျက်မုန်းကျိုး လိုက်လံရှာဖွေခြင်းခံနေသော အခြားကဗျာဆရာများမှာမူ ယခုအခါ လွတ်မည် ဟုထင်ရသော နေရာများတွင် ပုန်းခိုနေရကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို့ ထွက်ပြေးနေရသော ကဗျာဆရာများထဲမှ တစ်ဦးက ``ကျုပ်တို့က ကဗျာစာရွက်လေးတွေပဲ ဝေတဲ့ ဟာဗျာ။ ဘာမှ အကြမ်းဖက်တာလည်း မပါဘူး။ ရက်စက်တာလည်း မပါဘူး။ သူတို့ပြောပြောနေတဲ့ ဆူပူ ဆန္ဒ ပြတဲ့ဟာမျိုးလည်းမဟုတ်ဘူး။ အခုဟာက ကျုပ်တို့ကို ရာဇ၀တ်သားတွေ လိုက်ဖမ်းသလိုကို သည်းကြီး မည်း ကြီးလိုက်ဖမ်းနေကြတာဗျ။ ရယ်စရာအတော်ကောင်းတဲ့ စစ်အဆိုးရပါပဲဗျာ။ ဒါပေမဲ့ ကျုပ်တို့ကတော့ အခုပုန်း နေရင်းက အဖမ်းခံလိုက်ရရင်လည်း ကြောက်သွားမှာ မဟုတ်ဘူး။ အဖမ်းခံရတာက လွတ်လာရင် ကိုယ့်တိုင်း ပြည်အတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားရမှာပါပဲဗျာ။ အခုအဖမ်းခံလိုက်ရတဲ့ ကျုပ်တို့ သူငယ်ချင်း ကြီးလည်း အဲသလို စိတ်ဓာတ်မျိုးရှိပါလိမ့်မယ်။´´ ဟု ပြောကြားသွားကြောင်း လည်း သတင်းရရှိပါသည်။

 
/* EOT ----------------------------------------- */