Friday, February 1, 2008

ကျွန်တော့်သား ကြံ့ ခိုင် ခွေးဖြစ်သွားလို့  ရင်ကျိုးမိပါရဲ့ ။


ကျွန်တော်လည်း ဒီနေ့  အလုပ်ကနေ ပင်ပင်ပန်းပန်းနဲ့ ပြန်လာတာ အိမ်ပြန်ရောက်တော့  ဘယ်သူမှ မတွေ့ တာနဲ့  ရေမိုးချိုးပြီး၊ ထမင်းမစားခင် ပက်လက်ကုလားထိုင်မှာ ခဏအမောပြေထိုင်နေတုန်း မိတ်ဆွေတို့ ကို ပြောပြချင်တာလေးတွေ ပြောပြဖို့  ခေါင်းထဲမှာပေါ်လာတာတွေ ရှိပါတယ်။ အချိန်ရရင်တော့ နားထောင်ပေးပေါ့ဗျာ။

ကျွန်တော့်မှာ အင်မတန်ချစ်စရာကောင်းတဲ့ လူပျိုပေါက်အရွယ် သားတစ်ယောက်ရှိပါတယ်။ သူက ငယ်ငယ်လေးကတည်းက တော်တော် ကြံ့ ခိုင်ဖွံ့ ဖြိုးတယ်ဗျ။ ဒါနဲ့  သူ့ ကို ကြံ့ ခိုင်လို့ ဘဲ နာမည်ပေးထားတာ။ ကျွန်တော်မှာလည်း ဒီသားနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ကြံ့ ခိုင်ကိုလေ ကိုယ့်ရပ်ရွာနဲ့ ပတ်သက်ပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ အကျိုးကို လုပ်စေချင်တာ။ ပြီးရင်ဗျာ ဘာသာသာသနာကို ရိုသေလိုက်နာစေချင်တာ။ ကျွန်တော် မသေခင် မြင်ချင်တဲ့  ဆန္ဒပေါ့ဗျာ။



မဆိုးပါဖူးဗျာ။ ကျွန်တော်မျှော်လင့်သလို ကြံ့ ခိုင်တစ်ယောက် အရွယ်ရောက်လာတော့ ရပ်ရွာထဲက လူမှုရေးအသင်း ဟိုအသင်း ဒီအသင်းတွေ ၀င်ပြီး ရပ်ရွာအကျိုးတွေ လုပ်မယ်ဆိုပြီး ၀င်ရောက်လုပ်ကိုင်နေပါရဲ့ ။ ကျွန်တော် ပီတိဖြစ်မိတယ်ဗျာ။ ဒီကောင် အဖေ့ဆန္ဒကို ဖြည့်ပေးမယ့် ကောင်ဘဲ၊ ဒါ ကျွန်တော့်သားဗျလို့  အော်ပြီး ချီးကျူးလိုက်ချင်တာ။

အင်း သားအကြောင်း ချီးမွန်းကောင်းဖွင့်ပြီး ပြောပြနေတာ - ဟော ဟော ပြောရင်းဆိုရင်း ကျွန်တော့်သား ကြံ့ ခိုင် ရွာလမ်းထိပ်ကနေ ပြန်လာနေတာ ပြူတင်းပေါက်ကနေ မြင်နေရတယ်။ အေးဗျာ၊ ဒီကောင်ကြီး ရောက်လာမှဘဲ ဆက်ပြောပြမယ်။ သူ့ ရှေ့ မှာ ချီးမွမ်းပြတာ သူကြားရရင် ၀မ်းသာရအောင်ပါ။

ဟာ - ဘာဖြစ်တာလည်း။ ဟိုမှာ ဟိုမှာ - ရုပ်ကြမ်းကြမ်းနဲ့  လူကြီးတစ်ယောက် ကျွန်တော့်သား ကြံ့ ခိုင်ကို လမ်းဘေးခြုံပုတ်ကနေ ထွက်လာပြီး အတင်းအဓမ္မဆွဲခေါ်သွားတယ်။ လုပ်ကြပါဦး။ ဟာ မဖြစ်ဘူး၊ ကျွန်တော် အမြန်လိုက်မှ ရမယ်။ ခဏ စောင့်နေကြဗျာ။

ကျွန်တော် အပြေးအလွှားနောက်ကနေလိုက်သွားတာ ရွာအပြင်လည်းရောက်ရော အဲ့ ဒီလူကြီးလေ ကျွန်တော့်သားခေါင်းပေါ်မှာ လက်နှစ်ဘက်စုံမိုးပြီး ပါးစပ်က ဘာတွေရွတ်နေလည်း မသိဖူး။ မကောင်းဆိုးရွားတစ်ကောင်က တစ်ခုခုမန်းနေသလိုမျိုးဘဲ။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့  ကြောင်ကြည့်နေတုန်း၊ ဗြုံးကနည်းဆို ဟိုကောင် ကြံ့ ခိုင် ခွေးဘီလူးလို ခွေးဖြစ်သွားပါရောလား။ ဟာ ကျွန်တော် သားဘာဖြစ်သွားလည်းဗျာ။ ဟိုလူကြီးလည်း မရှိတော့ဖူး။ ဒါနဲ့  ကျွန်တော့်သား ခွေးကလေးဆီ မ၀န့် မရဲ တိုးကပ်သွားပြီး ခေါ်ကြည့်တယ်။ သား သား အဖေလေ မင်း ဘာဖြစ်သွားတာတုန်း။

ဘုရား၊ ဘုရား၊ ကြံ့ ခိုင် ရုတ်တရက် ကျွန်တော့် ရှေ့ တိုးလာပြီး ၀ုန်းကနည်းဆို လက်ကို လှမ်းကိုက်တယ်။ ကမန်းကတန်းရှောင်လိုက်ပေမယ့် ခြစ်ရာလောက် ကိုက်မိလို့  သွေးတော့ထွက်လာတယ်။ လောကကြီး ဘာတွေဖြစ်ကုန်ပြီလည်းဗျာ။ ကြံ့ ခိုင်တစ်ယောက် မိဘကို မိဘမှန်းတောင် မသိတော့ပါလား။ ကျွန်တော်လည်း လောလောဆယ် ဘာမှလုပ်မရတော့ ရှေ့ ကပြေး ကြံ့ ခိုင်က နောက်ကနေ လိုက်ကိုက်နဲ့  ရွာထဲကို ရောက်လာတယ်။ ကျွန်တော်လည်း အတော့် ကို ပြေးလိုက်ရလို့ ၊ ကြံ့ ခိုင်ရဲ့ ဘေးရန်ကနေဝေးတဲ့  နေရာရောက်တယ်ဆိုရင်ဘဲ သစ်ပင်တစ်ပင်နောက်နားမှာ ထိုင်ရင်း ခဏအမောဖြေနေရတယ်။

ကျွန်တော့်ဘေးအိမ်က ခွေးလေးတစ်ကောင်ဆိုရင် သခင်ရှူးတိုက်တိုင်း မဟောင်မကိုက်ဖူးဗျ။ ကိုက်သင့်မှ ကိုက်တယ်။ မကိုက်သင့်တဲ့သူကို ဘယ်တော့မှ မကိုက်ဖူး။ အိမ်မှာအတူနေတဲ့သူတွေဆိုရင်လည်း အမြဲကာကွယ်စောင့်ရှောက်ပေးတယ်။ ကိုယ်နေတဲ့  အိမ်ကိုလည်း တော်တော်ဂရုစိုက်တယ်။ လူဆိုးလူကောင်းကို မှန်မှန်ကန်ကန် ခွဲခြားသိမြင်တတ်တယ်။ ကြံ့ ခိုင်လိုသာ လူကောင်းကို မသိဘဲ ကိုက်မိရင် ကောင်းပါ့မလား။ လူဆိုးကို လူကောင်းထင်ပြီး မခွဲခြားတတ်ရင် မခက်ပါလားဗျာ။

ကိုယ့်သခင် အစစ်အမှန် ဘယ်သူလည်းဆိုတာ သူသိတယ်ဗျ။ သခင်မဟုတ်သူ တစ်ဦးဦးကများ အရိုးလေးကျွေး စားကြွင်းစားကျန်လေးကျွေးပြီး ညာခိုင်းတာမျိုးကိုလည်း သူက လိုက်မလုပ်ဖူး။ အစားကောင်းကျွေးမယ်ဆိုပြီး ဟန်ပြမက်လုံးပေးပြတာကိုလည်း သူက မမက်မောဖူး။ သူသိတာကတစ်ခုဘဲရှိတယ် - မဟုတ်တာလုပ်ရင် မမှန်တာတွေ့ ရင် သူမကြိုက်လို့  အဲ့လိုလုပ်တဲ့သူဆိုရင် သူကိုက်မယ်။ အနိုင်ကျင့်တဲ့ခွေးတွေတွေ့ ရင် သူက ကာကွယ်ပေးမယ်။ ဒီတော့ဗျာ ကျွန်တော်နေတဲ့ ရပ်ကွက်ထဲမှာ လူတိုင်းက သူ့ ကို ချစ်ကြတယ်။ တစ်ခြား မြှောက်ပေးတိုင်းလုပ်တဲ့ ခွေးတွေနဲ့ တော့ မတူရေးချ မတူပါဖူးဗျာ။

ပြောရင်းဆိုရင်း ကျွန်တော့်သား (အဲဗျာ အခုတော့ ခွေး) ကြံ့ ခိုင် ရွာလည် မြေလမ်းမမှာ ဆူဆူညံညံ ဟောင်နေလေရဲ့ ။ ရပ်ကွက်ထဲကလူတွေက ရိုင်းစိုင်းနေတဲ့  ကြံ့ ခိုင်ကို ချော့မောပြီး ပြောနေတဲ့သူကပြော၊ ဒေါသထွက်ပြီး ပြန်ရိုက်မယ်ဆိုပြီး ပြင်တဲ့သူကပြင်နဲ့  အခြေအနေက အတော့်ကို ရှုတ်ထွေးနေတယ်။ ဒါနဲ့  ကျွန်တော်လည်း သား သံယောဇဉ်နဲ့  ကိုက်ကာမှ ကိုက်ရော သူများတွေမထိခိုက်ရအောင် ကျွန်တော် မိဘကိုယ်တိုင်ဘဲ အကိုက်ခံပြီး သေရင်သေပလေ့စေတော့လို့  စိတ်ဆုံးဖြတ်ပြီး ကြံ့ ခိုင်ရှိရာကို အပြေးသွားလိုက်ပါတယ်။

ကြံ့ ခိုင်လေ လူတွေကို လူတွေမှန်း မသိရအောင်ဖြစ်နေပြီ။ အေးအေးဆေးဆေးနဲ့  ပြောနေတဲ့ သူတွေကို လှည့်ဟောင်လိုက်၊ ၀ိုင်းဝန်းထိန်းသိမ်းမယ့်သူတွေဘက်ကို လှည့်မာန်ဖီလိုက်နဲ့  အသိတရားပျောက်နေတယ်။ လူတွေထဲက အချို့ လည်း အကိုက်ခံမိတယ်ထင်ပါရဲ့ ဗျာ နောက်ဘက်နားမှာ ညီးညူနေကြလေရဲ့ ။ မဖြစ်တော့ဖူး အတော်ဆိုးရွားနေပြီဖြစ်တဲ့ ကြံ့ ခိုင်ကို ကျွန်တော် မိဘကိုယ်တိုင်က သားဆိုတဲ့ သံယောဇဉ်နဲ့  တွယ်တာ ညှာတာနေလို့ မဖြစ်တော့ဘူး။ ကျန်တဲ့လူတွေပါ ပိုထိခိုက်တော့မှာမို့  ကျွန်တော် သူ့ ကို အဆုံးသတ်ပေးမှ ဖြစ်တော့မယ်လို့  ဆုံးဖြတ်လိုက်ပြီး ၀င်လုံးသတ်ဖို့  ပြေးဝင်လိုက်ပါတယ်။

ဒီအချိန်မှာ ရွာဦးကျောင်းက ဆရာတော်နဲ့  သံဃာတွေ ကိုရင်တွေက - ဟေ့ ဟေ့ နေဦး နေဦး၊ မင်းသား ကြံ့ ခိုင်က ခွေးအစစ်ဖြစ်နေတာ မဟုတ်ဖူး။ မကောင်းဆိုးရွားတစ်ကောင်ကောင်က ပြုစားလိုက်လို့  ဖြစ်ရမယ်ဆိုပြီး ၀င်ဟန့် တားပါတယ်။ ဒါနဲ့  ကျွန်တော်လည်း ကြံ့ ခိုင်ဆီ ပြေးဝင်တဲ့အရှိန်ကို ရပ်ပြီး၊ မှန်ပါဘုရား အရှင်ဘုရားတို့  ကယ်တော်မူကြပါဦးဘုရားလို့  ကမန်းကတန်းဘဲ လျှောက်တင်လိုက်ပါတယ်။

ဆရာတော်ဘုရားက ကောင်းပြီ ဒကာတို့  - ရပ်ကွက်သူ ရပ်ကွက်သားတို့ ရဲ့  အတွက် ကောင်းကျိုးရှိရေး ဘေးအန္တရာယ်ကင်းရေးဟာ ဆရာတော်တို့  ရဟန်းသံဃာတော်တွေရဲ့  အလုပ်တစ်ခုဘဲ၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဘာသာ သာသနာနဲ့  လူတွေကောင်းကျိုးကို ဆောင်ရွက်ဖို့  စောင့်ရှောက်ဖို့ ဟာ ချစ်သားတို့ တာဝန်ပေဘဲလို့  မိန့် ကြားတော်မူခဲ့တာ။ ကဲ ကဲ အားလုံးနောက်ဆုတ်ကြဆိုပြီး၊ ကြံခိုင်ရှိရာဘက်ကို မျက်နှာမူလိုက်ကြပြီး ဆရာတော်နဲ့  သံဃာတော်တွေဟာ မေတ္တာရေးအေးတိုက်ကျွေးဖို့  မေတ္တာသုတ်တွေ ရွတ်ဖတ်ကြပါတယ်။

ဒီလို မေတ္တာဓါတ်အပြည်နဲ့  ငြိမ်းချမ်းစွာ အေးချမ်းသာယာစွာနဲ့  ရွတ်ဖတ်မေတ္တာပို့ မှုကြောင့် ကျွန်တော့်သား ကြံ့ ခိုင် တဖြေးဖြေးနဲ့  ငြိမ်ကျသွားပြီး စောစောက မာန်ဇီနေတာတွေ ဆူညံစွာဟောင်နေတာတွေ ကိုက်လိုစိတ်တွေ ပြောက်ကွယ်စပြုနေတာ တွေ့ ရပါတယ်။ အချိန်နည်းနည်းရလာတာနဲ့  အမျှ ကြံ့ ခိုင်ဟာ ရဟန်းသံဃာတော်ကို ဘာမှ ရန်မူမယ့် အရိပ်အယောင်တောင် မရှိတော့ပါဖူး။ ကြည့်ရတာ သံဃာကို သံဃာမှန်းသိသွာတယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ လည်း ဘေးကနေ ၀န်းရံထားနေရင်း စိတ်အေးသွားပြီး ၀မ်းသာစပြုလာပါတယ်။

ဟာ ဟာ ဟိုမှာ ဘာလည်းဟေ့ ဆိုတဲ့ လူတစ်ယောက်က အော်ပြောလိုက်တာကြောင့် အလန့် တကြားကြည့်လိုက်မတဲ့အခါမှာတော့ စောစောက ကြံ့ ခိုင်ကို ခေါ်သွားပြီး လူ့ သားဘ၀ကနေ ခွေးဘ၀ကို ပြောင်းပြစ်လိုက်တဲ့ သူကြီးပါလား။ ဒါနဲ့  ကျွန်တော်က သူဘဲ သူဘဲလို့  ပြောလိုက်ချိန်မှာ အဲ့ဒီလူကြီးဟာ ကြံ့ ခိုင်နားကို ဘယ်လိုရောက်သွားလိုက်မှန်းတောင် မသိရဘဲ ရောက်သွားပြီး၊ တည်ငြိမ်အေးငြိမ်းစပြုနေပြီဖြစ်တဲ့ ကြံ့ ခိုင်ကို တိုးတိုးလေးကပ်ပြောလိုက်တဲ့  အချိန်မှာ ကြံ့ ခိုင်ဟာ ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဖတ်ပြီးနေတဲ့ ဆရာတော်ရှိရာကို ပြေးခုန်ပြီး ကိုက်လိုက်ပါတော့တယ်။ ဆရာတော်နဲ့  ရဟန်းသံဃာတွေ အလဲလဲအပြိုပြိုဖြစ်ကုန်ပါပြီ။

ကျွန်တော် ရင်ကျိုးရပါပြီ၊ ကြံ့ ခိုင်တော့ မပြစ်မှားသင့်တဲ့ ဘုရားသားတော် မေတ္တာရှင် ငြိမ်းချမ်းရေးရှင် သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ပြစ်မှားလိုက်ပါပြီကောလို့ ။ သံသရာတစ်လျှောက်မှာ ဘ၀ဆက်တိုင်းမှာ ဒီပြစ်မှားမှုကို ပြန်လည်ပေးဆပ်ရတော့မှာဘဲလို့  ကြေကွဲဝမ်းနည်းစွာနဲ့  ယူကျူံးမရဖြစ်ရပါတော့တယ်။ ကျွန်တော် မြင်ရတဲ့ မြင်ကွင်းဆိုးကြောင့် ကြေကွဲဝမ်းနည်းရမှုကြောင့် မျက်ရည်ပေါက်တွေ ထိန်းမနိုင်လောက်အောင် စီးကျလာပါတော့တယ်။ ကြံ့ ခိုင်ရဲ့  ဘ၀တော့ သွားပါပြီဗျာ။ သူတစ်ပါးရဲ့  ပြုစားခိုင်းစေမှုကြောင့် မလုပ်သင့်တာတွေကို မစဉ်းစား မဆင်ခြင်တော့ဘဲ မကောင်းမှုကို ကျူးလွန်လိုက်ပါပြီ။

ကျွန်တော် ၀မ်းနည်းကြေကွဲပြီး နေနေတုန်း ကြံ့ ခိုင်အသံကို ကြားရပါတယ်။ အဖေ အဖေ သား ကြံ့ ခိုင် ပြန်လာပြီလေ။ ဟာ မင်း မင်း ခွေးမဟုတ်ဘူးလား။ အာ အဖေကလည်း ကျွန်တော် ကြံ့ ခိုင် လူစစ်စ်ပါဗျ။ အော် လက်စသတ်တော့  ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း ကျွန်တော့်သား ကြံ့ ခိုင်ကို မျှောနေရင်း မှေးကနဲ အိပ်ပျော်သွားတာကိုး။ ဘုရား ဘုရား အပြင်မှာ တကယ်များဖြစ်နေသလိုပါဘဲလားလို့  တွေးမိလိုက်ပါတယ်။

ကျွန်တော့်ရဲ့  အိမ်မက်ထဲမှာ တကယ်တော့  ကြံ့ ခိုင်ဟာ အများသူငါလို လူသားတဲက လူတစ်ယောက်ပါဗျာ။ မကောင်းဆိုးရွားကောင်းကြီးက ပြုစားလိုက်လို့ သာ ရိုင်းစိုင်းတဲံ ခွေးဘ၀ရောက်သွားရတာပါ။ တန်ဖိုးကြီးမြင့်မြတ်တဲ့ လူဘ၀ကနေ ခွေးဘ၀ မရောက်ရလေအောင်၊ သတိတရား အသိတရားနဲ့  မကောင်းဆိုးရွားတွေရဲ့  ပြုစားခြင်းမခံရအောင် (ပြုစားခံနေရရင်လည်း အဲ့ဒီဘ၀ကနေ ရုန်းထွက်ပြီး) လူပီသစွာနဲ့  လူသားအများအကျိုးကို မှန်မှန်ကန်ကန် အကျိုးပြုဖို့ ပါဘဲဗျာ။

(ရေးသားသီဖွဲ့ သူ - နစ်နေမန်း)။

 
/* EOT ----------------------------------------- */