Saturday, March 1, 2008

အလုပ်နဲ့ အရင်သက်သေပြမှ ယုံရမည်ဖြစ်ပါသည်။







နအဖဟာ သတင်းအမှန်ပြန့် ပွားမှာကိုအလွန်ကြောက်ပုံရပါတယ်။ သတင်းစာထဲမှာ ဂျာနယ်ထဲမှာ ကြော်ငြာစာလုံးအစတွေ၊ ကဗျာစာလုံအစတွေပါသွားတာရော၊ သူတို့ နအဖအာဘော်ထဲမှာမပါတဲ့ အပြင်မှာအမှန်တကယ်ဖြစ်ပျက်နေတဲ့သတင်းတွေ ပြင်ပလောကမှာ ဓါတ်ပုံတွေနဲ့ တစ်ကွ ပါလာတာတွေ့ ရော သတင်းသမားတွေ စာနယ်ဇင်းသမားတွေ ဂျာနယ်သတင်းထောက်တွေကို အညှိုးထားပြီး မတရားဖမ်းဆီးတာတွေ လုပ်လာပါတယ်။ မီဒီယာကို မီဒီယာနဲ့ နိုင်အောင် ပညာအရည်အချင်းနဲ့  မတိုက်နိုင်တော့အခါမှာ မီဒီယာသမား လူပုဂ္ဂိုလ်တွေကိုသာ ဖမ်းတဲ့ လုပ်ရပ်ကို မျက်နှာပြောင်တိုက်ပြီး လုပ်လာတာပါ။



ဖမ်းဆီးတဲ့နေရာမှာလည်း တကယ်တမ်း တာဝန်ရှိပြီး ဖမ်းသင့်တဲ့သူတွေ (ဥပမာ မြတ်ခိုင်လိုလူမျိုးတွေ၊ ၊ စာပေစိစစ်ရေးနဲ့  ဆင်ဆာဘုတ်အဖွဲ့ ဝင်တွေ) ကို မဖမ်းဘဲ ၊ သူတို့ ကို မကြုက်မနှစ်သက်တဲ့သူ ဖော်လံမဖားတဲ့သူ ပြန်လည်ဝေဖန်သုံးသပ်ပြောဆိုခဲ့တဲ့သူတွေကိုသာ အနိုင်ကျင့်လိုတဲ့ အညှိုးနဲ့  မဆီမဆိုင်သူတွေကို အကြောင်းမရှိ အကြောင်းရှာ အလိမ်အညာနဲ့ ပုဒ်ထီးပုဒ်မတွေတပ်ပြီး စွပ်စွဲတာပါ။ နအဖရဲ့ လုပ်ရပ်ဟာ အင်မတန်သေးသိမ်လွန်းလှပါတယ်။

ဒီလိုမတရားဖမ်းဆီးစွပ်စွဲမှုတွေထဲမှာ မြန်မာနေရှင်းအယ်ဒီတာချူပ် ကိုသက်ဇင်နဲ့  ရုံးအဖွဲ့ မှူး ဦးစိန်ဝင်းမောင်တို့ ကိုလည်း နအဖကနေ အငြိုးအတေးနဲ့  ဖမ်းဆီးခဲ့တာပါ။

ကိုသက်ဇင်ကို ဖမ်းရတဲ့အဓိက အကြောင်းကတော့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ( ၈၈၈၈ အရေးတော်ပုံကြီး) အတွင်းက ပါဝင်ခဲ့တဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့လို့ ပါဘဲ။ ကိုသက်ဇင်ဟာ ၁၉၈၈ခုနှစ်အရေူတော်ပုံကြီးအတွင်းမှာ မဆလအာဏာရှင်လက်ပါးစေတွေကနေ ပထမဦးဆုံးဖမ်းဆီးခဲ့ကြတဲ့ 141 လို့ ခေါ်တဲ့ ပထမဦးဆုံးအဖမ်းခံရ ကျောင်းသားအသုတ်ထဲမှာ ပါခဲ့ပါတယ်။ ဗကသကျောင်းသားများအဖွဲ့ နဲ့  လူ့ ဘောင်သစ်ပါတီတို့ မှာ တက်တက်ကြွကြွ လုပ်ခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်းအယိဒီတာချူပ်ဖြစ်တဲ့ ကိုသက်ဇင်ဟာ သတင်းလုပ်ငန်းကို လုပ်နေသူဖြစ်တဲ့အတွက် သတင်းနဲ့ ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေ စုဆောင်းရတာ သိမ်းဆည်းရတာ ဖေါ်ပြရတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ။ သတင်းဆိုတာ နေ့ စဉ်ဖြစ်ပျက်မှုတွေပါ။ ဖြစ်ပျက်မှုတွေကို အမှန်အတိုင်းတင်ပြမှသာ သတင်းအမှန်ဆိုတာ ဖြစ်ပါတယ်။ ဒီတော့ အဖြစ်မှန်သတင်းတွေကို မတင်ပြရဖူး၊ တင်ပြလို့ ဖမ်းတယ်ဆိုရင် နအဖရဲ့ သတင်းစာပါ သတင်းထည့်နေသူတွေ သတင်းရေးနေသူတွေ၊ သတင်းအသံလွင့်ဌာနတွေပါ သတင်းဖေါ်ပြမှုတွေကို လုပ်နေကြသူတွေကို အရင်ဖမ်းရမှာဖြစ်ပါတယ်။ ဘာလို့ လည်းဆိုတော့ သတင်းအမှန်ဖေါ်ပြသူတွေကိုတောင်မှ ဖမ်းမယ်ဆိုရင် သတင်းအမှားတွေကို လိမ်ညာဖေါ်ပြနေတဲ့သူတွေကို အရင်ဖမ်းသင့်လို့ ပါ။

အခုတော့ ဒီလိုမဟုတ်ဘဲ မြန်မာ့အလင်းသတင်းစာထဲက သတင်းမျိုး၊ ကြေးမုံထဲကသတင်းမျိုးမဟုတ်ရင် အမှန်သတင်းဖြစ်ပါလေ့စေ ပြည်သူအကျိုးပြုနေပါလေ့စေ ငါတို့ နအဖကို ထိခိုက်နစ်နာစေတယ်ဆိုပြီး တားဆီးပိတ်ပင် ဖမ်းဆီးထောင်ချတယ်ဆိုရင် နအဖဟာ တမင်သက်သက် မတရားလုပ်တယ်ဆိုတာ အသိသာကြီးပါ။

ဒီလို သတင်းလွတ်လပ်ခွင့်မရှိတဲ့အခြေအနေမှာ၊ သတင်းစာနယ်ဇင်းသမားတွေ သတင်းထောက်တွေကို ဖမ်းဆီးနေတဲ့အခြေအနေမှာ နအဖလုပ်မယ့် ပြည်သူ့ ဆန္ဒခံယူပွဲနဲ့  ဆန္ဒခံယူပွဲရလာဒ်ကရော အမှန်အတိုင်းဖြစ်နိုင်ပါ့မလားဆိုတာ အဖြေကအသိသာကြီးပါ။

နအဖဟာ ပြောတာတခြား လုပ်တာတခြားဟာ သိသာပါတယ်။ ဒီလိုအပြောနဲ့ အလုပ်မညီ လုပ်နေတာတွေဟာ ကြာလှပါပြီ။ နအဖကို ဘယ်လိုယုံကြည်မှုပေးရမှာလည်း။ ယုံကြည်မှုဆိုတာ လုပ်ရပ်နဲ့  သက်သေပြရတာပါ။ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့  ချင့်ချိန်သုံးသပ်ရတာပါ။ လက်ရှိလုပ်နေတဲ့ဟာတွေကို ကြည့်ရတာပါ။ ဒီတော့ နအဖပြောနေတာတွေကို နားနဲ့ မကြားဘဲ၊ လုပ်နေတာတွေအကုန်လုံးဟာ အပြောနဲ့ မညီဖြစ်နေတာတော့ မြင်တွေ့ နေရကြောင်းပါ။

နအဖရဲ့  ပြည်သူ့ ဆန္ဒခံယူပွဲမတိုင်ခင်မှာ ပြည်သူလူထုခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ၈၈မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူအခွင့်အရေးတိုက်ပွဲဝင်သူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ကိုသက်ဇင်တို့ နဲ့  သတင်းသမားတွေ၊ လွတ်လပ်စွာကိုယ်ရဲ့ အတွေးအခေါ်အမြင်ကို တင်ပြကြတဲ့ ကိုနေဘုန်းလတ်လို လူငယ်တွေ၊ စက်တင်ဘာလအတွင်းက အေးချမ်းစွာနဲ့  ကိုယ်ရဲ့ ဆန္ဒအမှန်ကိုဖေါ်ထုတ်ခဲ့ပြကြတဲ့သူတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့  ကို ပထမဦးဆုံးအဆင့်အနေနဲ့  နအဖက အလုပ်နဲ့ သက်သေအရင်ပြရမှာပါ။

ဒါမှမဟုတ်ရင်တော့ နအဖကနေ ကျင်းပမယ့် ပြည်သူ့ ဆန္ဒခံယူပွဲကြီးနဲ့ ပတ်သက်ရင် သတင်းအမှန်နဲ့  ဖြစ်ပျက်မှုအမှန်တွေကို ဖုံးကွယ်လိမ်ညာပြီး ၄င်းတို့ ဘက်တော်သားသတင်းအညာသမားများနဲ့ သာ ဆန္ဒခံယူပွဲရလာဒ်ကို အတုအယောင်ဖန်တီးပြီ ထုတ်ပြန်သွားမှာဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲကြောင်း။ နအဖဟာ အမှန်တကယ် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို မလိုလားဘဲ ၄င်းတို့ အလိုကျ ဖန်တီးမှုတစ်ခု အတုအယောင် လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။

(နစ်နေမန်း)။

 
/* EOT ----------------------------------------- */