Monday, March 3, 2008

ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပမည့် နအဖသည် ရိုးသားမှု အလျဉ်းမရှိပါ။

နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပပြီး ထောက်ခံခိုင်းမယ့် နအဖဟာ အစဉ်အဆက်ကတည်းက ရိုးသားမှု လုံးဝမရှိခဲ့ပါ။


၁။ ၁၉၈၈ ခုနှစ်တွင် အခြေအနေအရ အာဏာသိမ်းခဲ့ရသည်ဟု ကြေညာပြီး အာဏာသိမ်းခဲ့သည်။

၂။ ၁၉၉၀တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တပ်အားလုံး စစ်တန်းလျားပြန်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က တရားဝင် နှုတ်မှထုတ်ပြောခဲ့သော်လည်း အခုထိ ဖြစ်မလာပါ။

၃။ ရွေးကောက်ပွဲတွင် အန်အယ်ဒီနိုင်သောအခါ၊ အခြေခံဥပဒေဆွဲပါ အခြေခံဥပဒေပြီးမှသာ အာဏာလွှဲပေးနိုင်မည်ဟု ပြောင်းပြောခဲ့သည်။ (ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချူပ်ချထားဆဲဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရှိဟု ပြောဆိုနေသည်)။

၎။ ၁၉၉၃ခုနှစ်တွင် အနိုင်ရပါတီအပါအ၀င် အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။ ကျင်းပရာတွင် တက်ရောက်ဆွေးနွေးသူများ လွတ်လပ်စွာဆွေးနွေးရေးဆွဲခွင့်ကို မပေးဘဲ၊ အခြေခံရမည့်မူများကို သတ်မှတ်ပေးပြီး ၄င်းမူများကိုသာ ဆွေးနွေးညှိနှိုင်းစေသည်။

၅။ ၁၉၉၅ခုနှစ်တွင် အနိုင်ရပါတီမှ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ဖမ်းဆီးမှုများဖြစ်ခဲ့သည်။ အနိုင်ရပါတီမှ အစည်းအဝေးလုပ်ပြီး ပါတီခေါင်းဆောင်အမိန့်ဖြင့် ညီလာခံမှ နှုတ်ထွက်ခဲ့သည်။ ညီလာခံကို ၁၉၉၆ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

၆။ ကြားထဲတွင် နိုင်ငံရေးမတည်မငြိမ်မှုများ နှစ်ကြိမ်ဖြစ်ခဲ့သည်။ ၁၉၉၆နှင့် ၁၉၉၈ တက္ကသိုလ်ကျောင်းသားများ စုဝေးလှည့်လည်မှုများဖြစ်သည်။

၇။ ၂၀၀၃ခုနှစ်တွင် အနိုင်ရပါတီခေါင်းဆောင်ကို လုပ်ကြံရန် ကြိုးစားခဲ့မှုတစ်ခု ဖြစ်ခဲ့သည်။ လုပ်ကြံရန်ကြိုးစားသူများကို စုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်း အာဏာပိုင်များမှ တစ်စုံတစ်ရာမလုပ်ခဲ့ပါ။ ဒီပဲယင်းလူသတ်ပွဲဟု လူသိများသည်။

၈။ ဒီပဲယင်းမှ အာရုံပြောင်းစေရန် ၂၀၀၄ခုနှစ်တွင် အမျိုးသားညီလာခံကို ပြန်ကျင်းပခဲ့သည်။ အနိုင်ရပါတီကို ဖိတ်ခေါ်ခဲ့သည်။ အနိုင်ရပါတီမှ မူလချမှတ်ထားသော အခြေခံရမည့်မူများကို ပြင်ဆင်ခွင့်ရလျှင် တက်မည်ဟု တုံ့ပြန်ခဲ့ရာ၊ မူလချက်မှတ်ထားသော အခြေခံရမည့်မူများကို ပြင်မပေးနိုင်ဟု သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြောခဲ့ပြီး၊ ညီလာခံကို စတင်ခဲ့သည်။ အနိုင်ရပါတီမှ ညီလာခံမတက်ဘဲ ဆက်နေခဲ့သည်။

၉။ ၂၀၀၇ခုနှစ် စက်တင်ဘာတွင် မည်သူမျှ ထင်မထားသော သံဃာအရေးအခင်းတစ်ခု စတင်ခဲ့သည်။ နိုင်ငံတကာမှ ဖိအားများ ပိုလာခဲ့သည်။ ယင်းအတွက် အမျိုးသားညီလာခံ ရုတ်တရက်ပြီးသွားသည်။ ရုတ်တရက်ဆိုတာ တကယ်ကို ရုတ်တရက်ဖြစ်သည်။ ပြီးခဲ့သော အမျိုးသားညီလာခံပိတ်ပွဲတုန်းက နောက်တစ်ကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ဗိုလ်ချုပ်သိန်းစိန်က မပြောခဲ့ဘဲ ယခုတစ်ကြိမ် ဖွင့်ပွဲမှာ ဒါဟာ နောက်ဆုံးအကြိမ်ပြုလုပ်သော ညီလာခံဖြစ်သည်ဟု ရုတ်တရက် ကြေညာလိုက်ခြင်းကြောင့် ရုတ်တရက်ပြီးသွားသည်ဟု ပြောနိုင်ခြင်းဖြစ်သည်။

၁၀။ ညီလာခံပြီးသည်နှင့် အခြေခံဥပဒေမူကြမ်းကို အဖွဲ့ ဖွဲ့ ကာ ရေးဆွဲသည်။ စကားအသုံးအနှုန်း၊ အထားအသိုနှင့် သတ်ပုံသတ်ညွန်းများကိုသာ ပြင်ဆင်ပါသည်ဟု ရေးဆွဲသော အဖွဲ့ ခေါင်းဆောင် တရားသူကြီးချုပ် ဦးအောင်တိုးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းအတွက် ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့တွင် မည်မျှ ဂုဏ်သရေရှိ ပညာတတ်များ ပါရဂူများ ပါဝင်ပါစေ၊ မည်သည့်ပြင်ဆင်မှုကိုမျှ ပြုလုပ်ခွင့်မရခဲ့ကြပါဟု တရားဝင် ၀န်ခံရာရောက်သည်။

၁၁။ ရေးဆွဲပြီးသော အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူမည်ဟု ၁/၂၀၀၈ဖြင့် ကြေညာသည်။ ၂/၂၀၀၈ဖြင့် ၂၀၁၀တွင် ၄င်းအခြေခံဥပဒေဖြင့် ရွေးကောက်ပွဲထပ်လုပ်မည်ဟု ကြေညာသည်။ ၃/၂၀၀၈ဖြင့် လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းသည်။ ဥပဒေထုတ်ပြီး ၄င်းပွဲကို နှောက်ယှက်လျှင် အရေးယူမည်ဟု ကြေညာသည်။

၁၂။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တရားဝင် ဖျက်သိမ်းခြင်းမပြုဘဲ ရွေးကောက်ပွဲအသစ်ကို ၂၀၁၀တွင် ကျင်းပမည်ဟုကြေညာခြင်း၊ အာဆီယံအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲဝင်ခွင့်မရှိဟု ပြောဆိုခြင်း၊ ရေးဆွဲပြီးသောအခြေခံဥပဒေမူကြမ်းကို ပြည်သူက မထောက်ခံလျှင် ဘာဆက်လုပ်မည်ဟု တရားဝင်မကြေညာခြင်း၊ ၄င်းရေးဆွဲပြီးသော အခြေခံဥပဒေမူကြမ်းကို ပြည်သူအများ

အလွယ်တကူလေ့လာနိုင်စေရန် သတင်းစာတွင် ထည့်သွင်းပေးခြင်းမပြုသလို၊ စာအုပ်စာတမ်းအလွယ်တကူမထုတ်ဝေခြင်း၊ အတိုက်အခံပြုနေသူအားလုံးကို စဉ်ဆက်မပြတ် ဆက်ဖမ်းနေခြင်းတို့ကို ကြည့်လျှင် အခြေအနေတစ်ခုကို သုံးသပ်နိုင်သည်ဟု မြင်ပါသည်။

အထက်ပါ ၁၂ချက်ကို သေချာစွာဖတ်ကြည့်ပါက အခြေခံဥပဒေကို ထောက်ခံခြင်း၊ မထောက်ခံခြင်းထက်၊ အခြေခံဥပဒေရေးဆွဲခဲ့သူများ၏ ရိုးသားမှုကို ယုံကြည်သင့်၊ မယုံကြည်သင့်ကို မိမိတို့ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်မိပါသည်။

(ရေးသားသူ - Ash33)။

 
/* EOT ----------------------------------------- */