Monday, June 9, 2008

ဧရာဝတီ၏ ၀ိညာဉ်များ (SOULS OF AYEYARWADY)။


(၁)

ငါတို့ ဧရာဝတီမှာ မွေးကြတယ်။
ဒီမြေကြီးကို ယက်ထွန်
ဒီရေမှာ စုန်ဆန်ကူး
ဧရာဝတီကို အမှီပြုလို့
ငါတို့ဘ၀တွေ ရှင်သန်ကြသည်။

ဧရာဝတီက ကျွေးတဲ့ ဆန်
မြန်မာပင်လယ်ထဲက ပေးတဲ့ငါး
အားထားလို့ ရုန်းကန်ရင်း
ဒီရေ၊ ဒီမြေ၊ ဒီပင်လယ်မှာ ခေါင်းချသွားခဲ့ပြီ။
အမိနိုင်ငံရဲ့ တောင်ပိုင်း
မြစ်လက်တက် ချောင်းကန်တွေ အမွှာမွှာယှက်နေတဲ့
ဒီ..ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးသာပဲ
ငါတို့ရဲ့ အနှီးပုခက်…….
ငါတို့ရဲ့ ထမင်းအိုး…..
ငါတို့ရဲ့ တစပြင် ထာဝစဉ်ဖြစ်တော့သည်။



မြစ်ဝကျွန်းပေါ် ဧရာဝတီ
မြန်မာပြည်ရဲ့ ဆန်အိုးကြီးလို့ ကမ္ဘာတွင်ရဲ့
အာရှတိုက်ရဲ့ စပါးကျီလည်း ဖြစ်ခဲ့ဘူးရဲ့ ။
မိုးထဲလေထဲ ဇွဲနပဲနဲ့
ရွှံ့ထဲရေထဲ နွားနဲ့ ထွန်တုံးဖက်ကန်ရုန်းရင်း
ဧရာဝတီသား လယ်သမားတို့
ပြည့်ဝမ်းစာလည်း ပြည့်စေခဲ့ပြီ။
စပါးထွက်တိုး ကြိုးစိုက်ပျိုးရင်း
အင်းအိုင် ချောင်းမြောင်း ပိုက်ကွန်ဟောင်းနဲ့
ပင်လယ်ပြင်အောက် လှိုင်းမကြောက်ပဲ
တိုင်းကျိုးပြည်တွက် ဆောင်ရွက်ခဲ့ပြီ။

(၂)

သို့ပေသော်လည်း….
ဧရာဝတီသား ငါတို့လယ်သမား
တိုင်းနိုင်ငံတွက် ကြိုးဆောင်ရွက်လည်း
ငါတို့ရဲ့ ဘ၀တွေကား
ရည်သွေးနိမ့်ကျ ချွတ်ခြုံကျလို့
နွံထဲက မထွက်နိုင်။
ချောင်းထဲက မတက်နိုင်။

စာသင်ကျောင်းနဲ့ ဝေးနေကြတဲ့
ငါတို့ ဧရာဝတီရဲ့ ရင်သွေးတွေ
ဆေးဝါး မပြည့်စုံတဲ့ ဆေးရုံတွေဆီ
တုန်ချိ ခွေယိုင် ထိန်းမနိုင် ခြေလှမ်းတွေနဲ့
နည်းပညာသစ် အားအင်ဖျစ်လို့
ကမ ၻာႀကီးတခုလံုး
ဖွံ့ ဖြိုးကြွယ်ဝ တိုးတက်နေကြချိန်မှာ
ငါတို့သာပဲ ကွက်ကွက်ကလေး
မွဲတေနေတာ
ဘာ့ကြောင့်ပါလဲ။

ကံကြမ္မာကို ယိုးရမှာလား
ကံဆိုးသူသွားရာ မိုးလိုက်လို့ ရွာတာလား

ဒါမှ မဟုတ်….
ငါတို့ပြည်သူတွေ ကိုယ်တိုင်
ထိန်းကျောင်း ယက်လှော်
ပုံဖော်ထုဆစ် တည့်မတ်ခွင့်မရတဲ့
လူ့ အဖွဲ့ အစည်း
တည်ဆောက်မှုကြောင့်ပဲလား
ဒါတွေအားလုံးရဲ့ လက်သည်
ဘယ်သူတွေလည်း
တရားခံကို ရှာပေးကြပါ ခင်ဗျား။

(၃)

ဒီလိုနဲ့ …..
နှစ်ထောင်နဲ့ ရှစ် သက္ကရာဇ်
မေ နှစ်ကနေ သုံးကိုပြောင်း
ပိန်းပိတ် မည်းမှောင် ညသန်းခေါင်မှာ
လောကဓံရဲ့ အထုအထောင်းကြောင့်
ဆေးမတိုးတော့လောက်အောင်
နဒီပင်လယ်က
ငါတို့ အိမ်မှောက် အလည်ရောက်လာလို့
ငါတို့ တသိုက်
အိမ်ခေါင်မိုးထက်
အပြေးတက် ခဲ့ရတယ်။
အပေါ်ကလေ အောက်ကရေနဲ့
မှီတွယ်ရာဆိုက် မှောင်အမိုက်မှာ
ပင်လယ်ပြင်ဘက် ငါးရှာထွက်တဲ့
အဖေ အဘ ပြန်မလာကြဘူဆိုတာ
ခေါင်းထဲပူပန်
သည်းလှိုက်ထန်ခဲ့ပေါ့။

လှိုင်းလေက သည်းသည်းထန်
မြစ်ရေလျှံ ပေနှစ်ဆယ်တဲ့
နာဂစ်ရဲ့ အော်ညည်းသံ
မာရ်နတ်ရဲ့ တပ်တထောင်အလား
အေးစက် ကြမ်းတမ်းတဲ့ ကဝေမရဲ့
စိတ်ရှိတိုင်း ဖန်တီးထားတဲ့
ရက်စက်မှုတွေနဲ့
လယ်ယာ ကျွဲနွား မျိုးစပါး မကျန်
နင်းချေ ချိုးနှက်
တိုက်ဖျက် မွှချေ ပစ်လိုက်ပြီ။

အမေ ဒီမှာ
သားဘယ်မလဲ
ပူစူး ဘယ်ရောက် ဖိုးကောက်ရောဟဲ့
ကိုင်ထား ကိုင်ထား
မြဲမြဲစွဲထား မပီဝိုးတ၀ါး နဲ့
လျှပ်စီး လက်ကြား မုန်တိုင်းကြားမှာ
ဟစ်အော်ငိုညည်း
အကြောက်ကြီးကြောက်နေခိုက်……

ဒီရေက အိမ်အပြန်
အဖော်မက်ပြန် ထင်ပါရဲ့
ငါတို့ တရွာလုံးကို
ပင်လယ်ဆီ အလည် ခေါ်သွားပါတော့သည်။

(၅)

အရာရာ ဘာမှမသိ
ငိုညည်း သံလှိုက် ခေါင်းကကိုက်နဲ့
ခိုက်ခိုက် တုန်အောင် ချမ်း
လှိုက်လှိုက်ဟုန်အောင် သန်းတဲ့ကြားက
လေးလံ ပိတ်ဖုံးနေတဲ့
မျက်လုံးကို ဇွတ်အတင်းဖွင့်ကြည့်မိတော့…..

သြကာသ တစ်ခုလုံး
တိတ်ဆိတ် ခြောက်ကပ်
ရွှံ့ ညွှန်က ကုန်းရုန်းထ
မပီမခိုင် ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့
ကြိုးစားပြီး ရပ်တည်လိုက်နိုင်ချိန် မှာတော့
ခေါင်းနပမ်းကြီး မျက်လုံးတွေ ပြာဝေ
တလောကလုံး
အလောင်းတွေ အပုံပုံထပ်
လူသေကောင်၊ ကျွဲသေ၊ နွားသေ
ယောင်္ကျား၊ မိန်းမ
ကလေးသူငယ်၊ လူမမယ်
တုံးလုံး ပက်လက် ၊
မှောက်လျက် စောက်ထိုး
ဒါ ငါ့ရွာ မဟုတ်၊ ဒါ ငါ့ပင်လယ် မဟုတ်၊
ဒါ ငါ့နေရာ မဟုတ်……

ဆားငန်ရေ နောက်ကျိကျိ
ရေပြင် အတိပြီး
အဆုံးအစမဲ့ အနိတ္ထာရုံ မြင်ကွင်းနဲ့
ဧရာဝတီဟာ အကျည်းတန်လို့
တစပြင် သုဿန် ဖြစ်ပါရော့လေလား။

ထိတ်လန့် အံဩ
တုန်လှုပ်ကြေကွဲ
ယူကြုံးမရ အပူလုံးတွေကြွ
မွတ်သိပ် ဆာလောင်
ဗလောင်ဆူ နှလုံးသားကို ရင်မှာ ပိုက်လို့
အ၀တ်မပါ ခြေဗလာနဲ့
ငါတို့ကို ကယ်တင်မယ့်
လူသားတွေ ရှိရာဆီ
မှန်းဆလို့ ပြေးခဲ့ပါပြီ။

ငါဟာ လူသား၊ တစ်ကောင်ကြွက်မဟုတ်
ငါ့မှာ လူသားအဖော်
သန်းခြောက်ထောင်ကျော်တောင် ရှိတယ်
ကြိုးစားလို့ အားမာန်ထည့်
ငါအားမငယ်တော့။

ဘေးဒုက္ခ အန္တရာယ် အသွယ်သွယ် ခံစားနေရချိန်မှာ
အားလုံးဟာ လူသား
ဘာမှမခြား…
လူမျိုးမခွဲ နိုင်ငံမခြား
တန်းစား ကိုယ်ပယ်
နိုင်ငံရေးမဆွယ် ၀ါဒတွေ ဖယ်လို့
ငါတို့ကို ကယ်ဆယ်ကြမယ်ဆိုတာ
အသည်းနှလုံးနဲ့ ယုံကြည်ရင်း……..
ဘ၀တူ ဒုက္ခသည်တွေ
ထောင်သောင်း သိန်း၊ သန်း ချီနေတဲ့
ဒုက္ခသည်စခန်းတွေဆီ
ကျွန်တော်တို့ ရောက်ရှိနေကြပါပြီ။

(၆)

ဟိုလူက သောက်စရာ ရေ
ဒီလူက စားစရာဝေ
တချို့ က အ၀တ်အထည်
တချို့ က ခိုလှုံစရာ အမိုးအထည်
ကိုယ်တတ်နိုင်တာ ၀ိုင်းဝန်းပေးဝေကြရင်း
ငါ့ရင်မှာမချိ
ပီတိမျက်ရည် ဝေစေသူတွေကတော့…..
သူတို့ရဲ့ နှလုံးသားတွေ ပေးကြပါသည်။
အကြင်နာတရားတွေ ပို့ဆောင်ပေးကြသည်။
ဝန်ကြီးချုပ်ဆိုသူက ပြောသေးတယ်
သဘာဝ ဘေးအန္တရာယ်
ကာကွယ်လို့ မရနိုင်ဘူးတဲ့
ဒင်းဦးဏှောက် ဒီလောက်တောင်ပဲ ရှိသလား
အရူးတောင် သိလောက်တယ်။
ဒါပေမယ့်..ဒါပေမယ့်…

အခု ဧရာဝတီရဲ့ ဒုက္ခ
ပြည်သူတွေရဲ့ ဒုက္ခအစစ်က
နာဂစ်ကပေးတဲ့ ဒုက္ခမဟုတ်
သဘာဝကပေးတဲ့ ဒုက္ခမဟုတ်
န-အ-ဖ က ပေးတဲ့ ဒုက္ခ

သဘာဝဘေးအန္တရာယ်
ခန့် ခွဲဖွယ် ပြဿနာမဟုတ်
ဒါ ဟာ….
နှလုံးသား ပြဿနာ၊
မေတ္တာတရား ပြဿနာ။
နှလုံးသား ဗလာ စာနာမှုကင်း
လူသားမဆန် အတ္တထန်ပြီး
ရက်စက်မှု အပေါင်း
သရဖူဆောင်းထားတဲ့
န-အ-ဖ စစ်အစိုးရ ရဲ့
တာဝန်မဲ့မှု…
ပြည်သူကို အကာအကွယ်မပေးမှု…
အချိန်မှီ မကယ်တင်မှု…

ပြည်သူတွေ၊ နိုင်ငံတကာ မိသားစုဝင်တွေရဲ့
စေတနာ့ လုပ်အားတွေကို
ပိတ်ပင်တားဆီးမှု…….
အလွဲသုံးစား လုပ်မှု…
ဖိနှိပ်ခြိမ်းခြောက်မှု…..
အကြမ်းဖက် နှောက်ယှက်မှုတွေက
အဓိက ပြဿနာတွေပဲ ဆိုတာ
သန်းပေါင်းများစွာသော
ဒုက္ခသည် ပြည်သူတွေက
နှလုံးသား ဒါဏ်ရာ ဗလာပွနဲ့
သိလိုက်ရပါပြီ။

ကိုယ်တိုင် သတ်ဖို့ လက်မတွန့်
ငါတို့ရဲ့ အသက်ရှင်သန်ခွင့်ကိုလည်း ပိတ်ပင်
ဝလင်စွာ စားသောက်ခွင့်ကိုလည်း ဟန့်တား
လူသားဆန်စွာ
နွေးထွေးယုယ
ခံစားခွင့်တွေလည်း တားဆီးထားလို့

ရင်မှာ မချိ
ဒေါသခံပြင်း
ယူကြုံးမရ
အပူလုံးတွေ အုန်းအုန်းထပြီး
ရှင်သန်ကျန်ရစ်ခဲ့သော
ပြည်သူတွေသာမက
အသက်ပေးသွားကြတဲ့
သူရဲကောင်းတွေရဲ့ ၀ိညာဉ်တွေ
ရှစ်ဆယ့်ရှစ်ရဲ့ ၀ိညာဉ်တွေ
စက်တင်ဘာရဲ့ ၀ိညာဉ်တွေ
အသိန်းအသောင်းသော….
ဧရာဝတီရဲ့ ၀ိညာဉ်တွေက…..

ဧရာဝတီကျေလည်း ငါတို့ မကျေဘူး
မြန်မာကျေလည်း ငါတို့ မကျေဘူး
ကမ္ဘာ ကျေလည်း ငါတို့မကျေဘူး ဟေ့။

(မေ ၂၀၀၈၊ မုန်တိုင်းလွန်နေ့ရက်များ)။

(ရေးသားပေးပို့ လာသူ မျိုးချစ်လူငယ်များအဖွဲ့ အား ကျေးဇူးတင်ရှိပါသည်)။

 
/* EOT ----------------------------------------- */