မမေဓါဝီ၏ ရေးသားမှုအား လေးစားဂုဏ်ပြုသောအားဖြင့်၎င်း မမေဓါဝီနှင့် ပြည်တွင်းဘလော့ဂါအချို့ အား နအဖမှ မတရား အကြောင်းမဲ့ ခေါ်ယူစစ်ဆေးခြင်းကို ကန့် ကွက်သောအားဖြင့်၎င်း ယခု `မြင်သမျှ ဘ၀င်မကျ၊ ရင်ဝ မသက်သာ´ ဆောင်းပါးကို နစ်နစ်မန်းမှ မိမိသဘောဖြင့် ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။
ကာယကံရှင်များအား အန္တရာယ်မပြုရန်နှင့် နစ်နေမန်း (niknayman@gmail.com) ထံ သိက္ခာရှိစွာဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
မြင်သမျှ ... ဘ၀င်မကျ ... ရင်ဝ မသက်သာ ....
စောစောစီးစီး ဒီကနေ့ထုတ် သတင်းစာကို ဖတ်လိုက်မိပြီး စိတ်ထဲ ကလိကလိ ဖြစ်လာတာနဲ့ ဒီစာကို ရေးလိုက်မိပါတယ်။ သတင်းစာရဲ့ နောက်ကျောဖုံးမှာ မြင်သာ ထင်သာအောင် ပွိုင့်ကြီးကြီး စာလုံးမည်းကြီးနဲ့ ပြူးနေအောင်ရေးထားပြီး ဘောင်ခတ်ထားတာမို့လည်း မြင်မိ ဖတ်မိသွားတာပါ။ ကျော်မင်းလူ (ရွှေပြည်သာ) ရေးတဲ့ “နှစ်ဘက်မျှမှ အဖြေလှမည်”ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
သူ့ဆောင်းပါးပါ အကြောင်းအရာနဲ့ အချက်အလက်တွေ အားလုံးဟာ ဘ၀င်မကျ စရာတွေချည်း ပြည့်နှက်နေပါတယ်။ အဆိုးဆုံးက အခုမြင်ရတဲ့ အောက်စာပါ အကြောင်းအရာပါပဲ။
ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ ကဲ … ကျမတို့ အခု လက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့ မသုံး နှုန်းသင့်ပါဘူး။ အာဏာကိုမတရားသိမ်းပိုက်ထားတဲ့ အာဏာရှင်ဟာ ပြည်သူလူထု က တင်မြှောက်ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့) အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့်ရအောင်ပါ။
ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရတာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်းသာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖ ထံကို ရောက်လာကြရတာမဟုတ်လား။
အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြုနိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူလူထုရဲ့ စိတ်ကြိုက်မဟုတ်ဘဲ မိမိသဘောနဲ့မိမိ လက်နက်နဲ့ အာဏာ သိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာ အစိုးရ မမည်တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။
ဒါဆို အစိုးရကဘာလဲ။ တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင် အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့ အညီ နေထိုင် ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်၊ ထောက်ရှု … ဆိုတဲ့ နာယကဂုဏ် ခြောက်ပါးနဲ့တောင် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ကြပါရဲ့လား။
ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။
ကျမတော့ အဲဒီစာဖတ်ပြီး စိတ်ထဲ တော်တော်လေးကို ကသိကအောက် ဖြစ်မိ တယ်။ ဘယ့်နှယ် မနှိုင်းကောင်း နှိုင်းကောင်း မိဘအရာ ၀င်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆို ခုလို လောင်စာ ဆီ ဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ်ပဲ ချနေရမလို။
တကယ်တော့အစိုးရဆိုတာ ပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာ ရှိမှာလား။ ဒါကို သူတို့က ပြည်သူတွေရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် သတ်မှတ် ခံချင်ရုံမက ကျေးဇူးဆပ်တာလဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။
သူပြောသလို မိဘပဲ ထားပါတော့။ မိဘသိပ်ဖြစ်ချင်နေတယ် ဆိုတော့ စိတ်ကူးထဲမှာ မိဘအရာ ခဏ ထားကြည့်တာပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်း ဆိုရင် ကိုယ်တိုင်က ရွှေပုံ စိန်ပုံပေါ် ထိုင်နေပြီး သားသမီးတွေလမ်းဘေးရောက် ငတ်ပြတ်တာကြည့်နေမှာ မဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကို စီးပြီး သားသမီးတွေ ကုန်းကြောင်း လျှောက် နေရတာကို ဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ် အသုံးမကျတာကိုလည်း သားသမီးကို လက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့ သေချာပြီ။ ဒါဆို အမေနဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ ပထွေးများ ဖြစ်နေမလား။ စဉ်းစားမိတာပါ။
***
နောက်ဆုံးတော့လည်း ကျမ တခါက ရေးခဲ့ဖူးသလို “ဟာသအတွေး ဟာသ အမြင်” လို့ သဘောထားလိုက်တာပဲ ခပ်ကောင်းကောင်းဆိုပြီး ရယ်ဖို့ကြိုးစားမိတယ်။ ဒါပေမဲ့ … ရယ်လို့လည်း မရတော့ အီလည်လည်နဲ့ သက်ပြင်းကြီးသာ ချလိုက်မိပါရဲ့။
***
မေဓာဝီ
၂၄၊ သြဂုတ်၊ ၂၀၀၇
၁၂ နာရီ ၃၀ မိနစ်
Wednesday, September 12, 2007
မမေဓါဝီအား လေးစားဂုဏ်ပြုပါတယ်။ အမှန်ကို လက်မခံတဲ့ နအဖကို ရှုတ်ချပါတယ်။
Posted by Niknayman at 11:10 AM